ထားမြတ်/People’s Spring
လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရခဲ့သည့် လားရှိုးခရိုင် ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး လှဌေးအား ဆေးကုသမှုပေးခဲ့ပြီး ကျန်းမာရေးအခြေအနေ တဖြည်းဖြည်းကောင်းမွန်လာကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။
ခရိုင်ဒုရဲတပ်ဖွဲ့မှူးသည် လားရှိုးတိုက်ပွဲအစတွင် လားရှိုးမြို့တွင်း စစ်ဆေးရေးဂိတ်များနှင့် လုံခြုံရေး ကင်းလှည့်မှုများကို တာဝန်ယူခဲ့သူဖြစ်ပြီး တိုက်ပွဲပြင်းထန်မှုကြောင့် ထွက်ပြေးရန် ကြိုးပမ်းစဉ် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဇူလိုင် ၂၀ရက်တွင် လားရှိုးမြို့မှထွက်ပြေးရန် ကြိုးပမ်းခဲ့ရာ လားရှိုးမြို့ ရပ်ကွက်(၁)ကျောင်းဘေးတွင် အမြောက်ကျည်စထိမှန် ဒဏ်ရာရရှိကာ ဆေးရုံသို့ သွားရောက်ကုသမှုခံယူခဲ့ရသူဖြစ်သည်ဟု ဆိုသည်။
ထို့နောက် လားရှိုးအရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို မဟာမိတ်တပ်က တိုက်ခိုက်ခဲ့ပြီးနောက် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် ယင်းတို့အား စွန့်ပယ်ထားခဲ့ရာ မဟာမိတ်တပ်က တပ်မတော်ဆေးရုံမှ အောက်ခြေအရာရှိ၊ စစ်သည်များနှင့် ၎င်းတို့၏ မိသားစုများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းကာ အနောက်တန်းဆေးရုံသို့ ကုသရန် စီစဉ်ပေးခဲ့ကြောင်း၊ ထိုအထဲတွင် ဒုခရိုင်ရဲမှူးလည်းပါဝင်ပြီး ကာလအတန်ကြာ ကုသမှုခံယူပြီးနောက်၊ ဦးလှမျိုး၏ ကျန်းမာရေးအခြေအနေသည် တဖြည်းဖြည်း ကောင်းမွန်လာကြောင်း အသိပေးသည်။
ကုသမှုကာလအတွင်း မဟာမိတ်တပ်သည် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်အရာရှိများနှင့် စစ်သည်များအား တန်းတူညီမျှဆက်ဆံပြီး လူသားချင်းစာနာမှုအကူအညီများ အစွမ်းကုန်ပံ့ပိုးပေးကာ ကုသမှုခံယူနေရဆဲဖြစ်သော မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်သည်အချို့ကိုလည်း သွားရောက် ကြည့်ရှုခဲ့သည်ကြောင်း ရုပ်သံမှတ်တမ်းနှင့်အတူ ထုတ်ပြန်သည်။
လားရှိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်က စစ်ဆေးရုံရှိ ဒဏ်ရာရစစ်သည်များနှင့် တပ်ဖွဲ့ဝင်မိသားစုများကို စွန့်ပစ်ထားခဲ့၍ ၎င်းတို့အား ဘေးကင်းရာသို့ ကယ်ထုတ်ပြီး ထောက်ပံ့ကူညီပေးထားကြောင်း MNDAAကအသိပေးသည်။ ထိုအထဲတွင် လားရှိုး စစ်ဆေးရုံမှ အထူးကုဆရာဝန်အချို့လည်း ပါဝင်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။