ဟန်နွေ/People’s Spring
ရှမ်းမြောက် ကျောက်မဲမြို့ကို တအာင်းတပ်မတော်(TNLA) ဦးဆောင်သည့် မဟာမိတ် ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ယနေ့ မွန်းလွဲပိုင်း၌ အသိပေးသည်။
ကျောက်မဲမြို့သိမ်း အောင်ပွဲရ TNLA ပူးပေါင်းတပ်များကို ဒေသခံ လူထုက ကြိုဆိုသည့် မြင်ကွင်းအား ရွှေဖီမြေသတင်းဌာနက ဖော်ပြခဲ့သည့် ဓာတ်ပုံမှတ်တမ်းများကို ဗိုလ်ချုပ်တားဘုန်းကျော်က ၎င်း၏ Facebook တွင် ပြန်လည်ဖော်ပြကာ မြို့သိမ်းအောင်မြင်မှုကို အသိပေးလိုက်ခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယ ပိုင်းစတင်ခဲ့သည့် ဇွန်လ ၂၅ရက်ကတည်းက ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနှင့် မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးနောက် ကျန်နေသည့် ကျောက်မဲ အခြေစိုက် ခမရ(၅၀၁)၊ (၅၀၂) တပ်ရင်းဌာနချုပ်ကို တစ်လ ကျော် တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။

Public Service Announcement
စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေး ခုခံမှုအပြင် လေကြောင်းမှ လက်နက်ခဲယမ်းများစွာ အကြိမ်ကြိမ်ချပေးဖြည့်တင်းပြီး ခုခံခဲ့သော်လည်း ဩဂုတ် ၅ရက် ညပိုင်းတွင် ကျောက်မဲကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


ကျောက်မဲ မြို့သိမ်းပိုက်နိုင်မှု အခြေအနေများကို TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။ မြို့သိမ်းတိုက်ပွဲ အောင်မြင်မှုကိုလည်း TNLA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားခြင်းမရှိသေးသော်လည်း စစ်မြေပြင်သို့ ကွင်းဆင်းသတင်းရယူနေသည့် ရွှေဖီမြေသတင်းဌာနက ကျောက်မဲ လက်ကျန်စခန်းများသိမ်းပိုက်နိုင်မှု၊ အောင်ပွဲရ ရဲဘော်များကို လူထုက ကြိုဆိုနေမှု ဓာတ်ပုံများ ဖော်ပြခဲ့သည်။
People’s Spring ၏ ရှမ်းပြည်နယ်မြောက်ပိုင်းမှစစ်ရေးသတင်းရင်းမြစ်များက TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ကျောက်မဲမြို့ရှိလက်ကျန် စစ်တပ်တပ်ရင်း နှင့်စခန်းများကိုသြဂုတ် ၅ ရက်ညတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်းပြောသည်။


















































