သုည/People’s Spring
စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ရှစ်လေးလုံးအကြို စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (သြဂုတ် ၆) အသီးသီး ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ အဖြူရောင်အကျီတွေ ရွာလုံးကျွတ်ဝတ်ဆင်ပြီး “ပြည်သူ့တော်လှန်ရေး ဘယ်ပွဲစားမှ ကြေးဖြတ်ခွင့်မရှိ” ဘန်နာစာသားကို ကိုင်စွဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။
ယင်းလှုပ်ရှားမှုကို မြင်းမူလူငယ်အင်အားစုနဲ့ ကျေးရွာတာဝန်ခံတွေ ဦးဆောင်စီစဥ်ခဲ့ပြီး အရာတော်လူထုသပိတ်တိုက်ပွဲကော်မတီနဲ့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့က ဝန်းရံချီတက်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း လူငယ်အားမာန်သပိတ်စစ်ကြောင်းက ဦးဆောင်ကာ ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။
ချောင်းဦးမြို့နယ် တစ်နေရာမှာလည်း ပြည်သူတွေက ဘူးသပိတ်တိုက်ပွဲကို ဆက်လက်ဆင်နွှဲကြရန်နဲ့ ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် အဖြူရောင်အဝတ်အစားတွေ ဝတ်ဆင်ပြီး ဘက်ပြောင်းလာတဲ့ တပ်မတော်သားတွေကို ကြိုဆိုကြောင်း ပြသတဲ့ White Campaign (အဖြူရောင်လှုပ်ရှားမှု)ကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။
ယင်းသပိတ်စစ်ကြောင်းကို ကျေးရွာ ပ.အ.ဖနဲ့ ပ.က.ဖ ၊ဒေသကာကွယ်ရေးတပ်၊ တပ်ရင်း တာဝန်ရှိတွေ အကူအညီ ပေးခဲ့ပြီး ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီ၊ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီနဲ့ မုံရွာပင်မသပိတ်တို့က ဦးဆောင်ချီတက်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်စစ်ကြောင်းက “မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” စာသားကို ကိုင်ဆောင်ပြီး လူထုဟစ်ကြွေးသံတွေနဲ့ ချီတက်ခဲ့ပါတယ်။
ဧရာဝတီတိုင်း ၊ ကြံခင်းမြို့နယ်မှာလည်း သပိတ်အဖွဲ့ဝင်တွေက ရှစ်လေးလုံး (၃၆)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားကို “ကျုပ်တို့ဒူးထောက်နေလို့သာကြီးကျယ်သူတွေကြီးကျယ်နေကြတာပါ ကိုင်းကျုပ်တို့အားလုံး ရုန်းထွက်နိုးထကြစို့” စာတန်းအား ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC၊ စကြဝတြေးမင်းကြီးသပိတ်