“ဒီကနေ့ စစ်တပ်ကြုံတွေ့ရတဲ့အခြေအနေမှာ သူတို့ကိုပါ ခြိမ်းခြောက်ခံလာရတဲ့ အနေအထားဖြစ်နေပြီ။ အောက်မှာ စစ်ရေး ရှုံးနိမ့်မှုတွေမှာလည်း သူတို့ အဓိက ခံလာရတယ်။ စစ်ခေါင်းဆောင်ရဲ့ ရမယ်ရှာ၊ အပြစ်ဖို့၊ ထိုးချမှု အဓိကခံနေရတာ ပိုတွေ့လာရတယ်”
— CDM တပ်မတော်သား ကိုနောင်ရိုး
အီယိုရီ/People’s Spring
စစ်ကောင်စီတပ်မှ တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(ERO)များနှင့်အတူ လက်တွဲပူးပေါင်းရန် ပြည်သူ့ဘက်ကူးပြောင်းခဲ့သည့် တပ်မတော်သားအစုအဖွဲ့များက ယနေ့(သြဂုတ် ၆ရက်)ပူးတွဲထုတ်ပြန်လိုက်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အလွန်အကျွံ ကိုယ်ကျိုးရှာအသုံးချမှု၊ အာဏာရူးသွပ်မှုများကြောင့် တပ်တွင်း မကျေနပ်မှုများ၊ စစ်ရေးအထိနာ ရှုံးနိမ့်မှုများ ကြီးမားလာနေချိန်တွင် ထုတ်ပြန်ခြင်း ဖြစ်ပြီး အာဏာရူး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်အောက်တွင် မည်သည့် စစ်အရာရှိကြီးများမှ အသက်၊ ရာထူး၊ စည်းစိမ်၊ မိသားစုအနာဂတ်လုံခြုံမှု အာမခံချက် ရှိနိုင်မည် မဟုတ်ကြောင်း ပူးတွဲထုတ်ပြန်သော ပြည်သူ့ရင်ခွင်၊ ပြည်သူ့စစ်သားဇနီးများ၊ ပြည်သူ့ပန်းတိုင် အဖွဲ့များက ဆိုသည်။
“ဒီအဆင့်တွေက တပ်မှာဆို အလယ်အလတ်အဆင့် အကြီးတန်းအရာရှိတွေဖြစ်တယ်။ လက်ရှိလည်း မင်းအောင်လှိုင်တို့လို စစ်ခေါင်းဆောင်တွေရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ပြဿနာရှာမှုတွေကို အောက်ခြေမှာ အဓိက ဦးစီးလုပ်ကိုင်နေရတဲ့ အရာရှိကြီးအဆင့်တွေဖြစ်တယ်ပေါ့။ လက်ရှိကြုံတွေ့နေရတဲ့ စစ်ရေးအကြပ်အတည်းကို သူတို့အထိကို ကြီးကြီးမားမား ရိုက်ခတ်လာတယ်။ သူတို့ကိုယ်တိုင်လည်း ဒီကနေ့ စစ်တပ်ကြုံတွေ့ရတဲ့အခြေအနေမှာ သူတို့ကိုပါ ခြိမ်းခြောက်ခံလာရတဲ့ အနေအထားဖြစ်နေပြီ။ အောက်မှာ စစ်ရေး ရှုံးနိမ့်မှုတွေမှာလည်း သူတို့ အဓိက ခံလာရတယ်။ စစ်ခေါင်းဆောင်ရဲ့ ရမယ်ရှာ အပြစ်ဖို့ ထိုးချမှု အဓိကခံနေရတာ ပိုတွေ့လာရတယ်” ဟု CDM တပ်မတော်သား ကိုနောင်ရိုးက မှတ်ချက်ပြုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာရူးသွပ်မှု နှင့် ဖိနှိပ်ရက်စက်မှုများကြောင့် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့ပြီး ထောင်ပေါင်းများစွာသော တပ်မတော်သား များ အပါအဝင် တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများအထိ ကျဆုံး၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများ နှင့် မိမိကိုယ်ကိုသတ်သေမှုများထိ တွေ့ကြုံနေရပြီဟု ပူးတွဲကြေညာချက်၌ ဖော်ပြသည်။
စစ်ကောင်စီ တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများအနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများအား ဖမ်းဆီးဖယ်ရှားပြီး တပ်မတော် နှင့် နိုင်ငံတော်၏ အနာဂတ်ကို ကယ်
တင်ရန်၊ ဒီမိုကရစီစံနှုန်းများနှင့်အညီ အရပ်ဘက်ကွပ်ကဲမှုကို လေးစားလိုက်နာပြီး တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး မူလတာဝန်ကိုသာ ထမ်းဆောင်ရန်၊ လူမျိုးပေါင်းစုံတို့၏ အကျိုးစီးပွားနှင့် ဖြစ်တည်မှုများကို လေးစားအသိအမှတ်ပြုသည့် ပြည်သူလူထုလိုလားနေသော ဖက်ဒရယ်တပ်
မတော်တရပ် ပေါ်ပေါက်ရေးဦးတည်၍ ပြုပြင် ပြောင်းလဲရန် အချက်များကိုလည်း ဖော်ဆောင်ရန် တိုက်တွန်းထားသည်။
စစ်တပ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် မကျေနပ်မှုများ ကြီးမားလာနေပြီး စစ်တပ်အလယ်အလတ် အရာရှိကြီးများကိုယ်တိုင် စစ်ခေါင်းဆောင်၏ အသုံးချခံ၊ ထိုးကျွေးခံအဆင့်ဆိုသည်ကို ပိုမိုနားလည်လာနေကြောင်း CDM တပ်မတော်သားများက သုံးသပ်ကြသည်။
“သူတို့တွေကြားမှာလည်း ဒီကနေ့ ကြောက်လန့်တုန်လှုပ်နေပြီ။ စစ်ခေါင်းဆောင်ရဲ့ တာဝန်မဲ့မှုတွေ၊ မှားယွင်းစီမံခန့်ခွဲမှုတွေကို သူတို့ ကောင်းကောင်းသိမြင်နားလည်နေပြီ။ သူတို့ကိုယ်တိုင် အခြေအနေအမှန်တွေကို ပိုမိုသိမြင်လာပြီလို့ ကျွန်တော်တို့ နားလည်တယ်။ ဒါကြောင့် သူတို့ကိုလည်း သတင်းစကားပါးတာပေါ့” ဟု ကိုနောင်ရိုးက ပြောသည်။
CDM တပ်မတော်သား အစုအဖွဲ့များ၏ ပူးတွဲကြေညာချက်ကို စစ်တပ်အတွင်း ကျယ်ပြန့်စွာရောက်ရှိသွားအောင် နည်းလမ်းပေါင်းစုံအသုံးပြုကာ ပို့ဆောင်သွားမည်ဟု သိရသည်။