ဟန်နွေ/People’s Spring
ဩဂုတ် ၃ရက်ကစ၍ စစ်ကောင်စီသည် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းနယ်မြေ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် တမင်သက်သက်ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဖော်ပြသည်။
ဆီဆိုင်မြို့အခြေစိုက် စစ်ကောင်စီတပ်က ဩဂုတ် ၆ရက်ညပိုင်းတွင် လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ဆီဆိုင်မြို့နယ် မီရဲ့ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဆယ်ကျော်သက်အရွယ် မိန်းကလေးနှစ်ဦး သေဆုံးခဲ့ရဟု ထုတ်ပြန်သည်။
လက်နက်ကြီးထိမှန် သေဆုံးခဲ့သူ မ်န်းကလေးနှစ်ဦးသည် ထီရီးရွာမှ မီရဲ့ကျေးရွာသို့ စစ်ဘေးရှောင်လာနေစဉ် ယခုကဲ့သို့ အသက်ဆုံးရှုံးရခြင်းဖြစ်သည်ဟု အသိပေးသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့ အရှေ့ဘက်ရှိ ကျေးရွာ ၁၀ရွာထက်မနည်းမှ ပြည်သူများ တောအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်သည်။
ထို့အပြင် ဆီဆိုင်မြို့နယ်တွင် ဩဂုတ် ၆ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးမှုများ ရှိခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းရဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။
PNLA၊ မဟာမိတ်တပ်များ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဆီဆိုင်မြို့နယ် လွယ်ထွယ်ကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြသည်။
” တိုက်ပွဲမှာ စစ်ကောင်စီရဲ့ အလောင်း ၁၀လောင်း၊ ဒရုန်း ၁စီးနဲ့ လက်နက် ၁၀လက် သိမ်းဆည်းရမိတာရှိပါတယ်။ ပအိုဝ်းကျေးရွာ၊ ပအိုဝ်းနယ်မြေတွေကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက လက်နက်ကြီးတွေနဲ့ရမ်းသန်း ပစ်ခတ်တဲ့အတွက် မနေ့ညမှာဆိုရင်လည်း ဆီဆိုင်မြို့နယ် မီရဲ့ရွာမှလြည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ စစ်ဘေးရှောင်ပြည်သူ ၂ဦးထိမှန် သေဆုံးခဲ့တာရှိပါတယ်။” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
ပအိုဝ်းဒေသတွင် ယခုနှစ် ဇန်နဝါရီလလယ်မှစ၍ တိုက်ပွဲများ စတင်ခဲ့ရာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့၍ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများ၊ နေအိမ်ပျက်စီးမှုများရှိခဲ့သည်။
(ဆီဆိုင်ဒေသတွင် စစ်ဘေးရှောင်နေကြသော ဒေသခံပြည်သူများအား တွေ့ရစဉ်။ ဓာတ်ပုံ – PNLA)