ဟန်နွေ/People’s Spring
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် ဩဂုတ် ၆ရက် က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးမှုများရှိခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းရဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က သတင်းထုတ်ပြန်သည်။
PNLA၊ မဟာမိတ်တပ်များ နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဆီဆိုင်မြို့နယ် လွယ်ထွယ်ကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြသည်။
” တိုက်ပွဲမှာ စစ်ကောင်စီရဲ့အလောင်း ၁၀လောင်း၊ ဒရုန်း ၁စီးနဲ့ လက်နက် ၁၀လက် သိမ်းဆည်းရမိတာရှိပါတယ်။ ပအိုဝ်းကျေးရွာ၊ ပအိုဝ်းနယ်မြေတွေကို စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေက လက်နက်ကြီးတွေနဲ့ရမ်းသန်း ပစ်ခတ်တဲ့အတွက် မနေ့ညမှာဆိုရင်လည်း ဆီဆိုင်မြို့နယ် မီရဲ့ရွာမှလြည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ စစ်ဘေးရှောင်ပြည်သူ ၂ဦးထိမှန် သေဆုံးခဲ့တာရှိပါတယ်။”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များသည် သြဂုတ် ၃ ရက်မှစပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ ပအိုဝ်းကျေးရွာ ပအိုဝ်းနယ်မြေအတွင်းသို့ လက်နက်ကြီးများတမင်သက်သက်ပစ်ခတ်နေလျက်ရှိသဖြင့် ပြည်သူများအနေဖြင့် သတိဝီရိယဖြင့် သွားလာကြရန်လည်း PNLAက တိုက်တွန်းထားသည်။