ဟန်နွေ/People’s Spring
စစ်ကောင်စီတပ်သားများနှင့် ရဲများ အမြင်မှန်ရပါက အနာဂတ်ရှိမည်ဖြစ်ပြီး စစ်အာဏာရှင်ခိုင်သမျှ လုပ်ဆောင်နေပါက ဘ၀၊ အသက်ပျက်စီးမှုနှင့်လမ်းဆုံးလိမ့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ထပ်လောင်း သတိပေးလိုက်သည်။
ယခုနှစ် ဇန်နဝါရီ ၄ရက်က ထုတ်ပြန်ခဲ့သည့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ ပြောကြားချက်ကို ယနေ့(ဩဂုတ် ၇ရက်)တွင် ထပ်မံထုတ်ပြန်၍ သတိပေးလိုက်ခြင်းဖြစ်သည်။
စစ်အုပ်စုလက်အောက်ခံ တပ်မှူး၊ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအား အထူးအသိပေး နှိုးဆော်ချက်တွင် တပ်မတော်တစ်ခု၏ အဓိကတာဝန်သည် နိုင်ငံနှင့် ပြည်သူကို အကာအကွယ်ပေးရန်ဖြစ်ပြီး စစ်အာဏာရှင် ကို အကာအကွယ်ပေးရန် မဟုတ်ကြောင်း ဝန်ကြီးက ပြောသည်။
” ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို အကာအကွယ်ပေးရင်း ခင်ဗျားတို့လက်မှာ ပြည်သူ့သွေး အထပ်ထပ် စွန်းခဲ့ပြီဆိုတာ သတိချပ်စေလိုတယ်။ ဒီကနေ့ထိ စစ်အုပ်စုသစ္စာခံ လုပ်နေတဲ့ ခင်ဗျားတို့အားလုံး ပြန်စဥ်းစားသင့်တာက ငါတို့ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့ကော ငါတို့ကိုယ်တိုင်ပါ ဒီကနေ့ဘယ်အခြေအနေ ဆိုက်နေပြီလဲ ဆိုတဲ့အချက်ပဲ။ ခင်ဗျားတို့ ယူနီဖောင်းဝတ်ပြီး လူတောတိုးရဲသလား ရပ်ထဲရွာထဲ သွားရဲသလား မိဘရပ်ထံ ပြန်ရဲသလား”ဟု ဝန်ကြီးဦးရည်မွန်က ပြောကြားသည်။
ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်ဘေး ပြေးလွတ်မည်မဟုတ်ကြောင်း သတိပေးထားသည်။
“အခုဆိုရင် စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ဟာ ရောက်ရှိလာခဲ့ပြီ။ ပြည်ထောင်စု ပြိုကွဲမှာစိုးတယ်ဆိုတဲ့ ခြောက်လုံးနဲ့ တိုင်းရင်းသားပြည်သူအပေါ် ဂုတ်ခွစီးပြီး အခွင့်ထူးခံနေတဲ့ လုပ်စားအတွေးအခေါ်ဟာ လုံးဝကျဆုံးခဲ့ပြီဆိုတာ သတိချပ်စေလိုတယ်။ ဒီကနေ့ ပြည်ထောင်စု မပြိုကွဲအောင် တကယ်တမ်း တာဝန်ယူစောင့်ရှောက်နိုင်မယ့်သူ၊ တာဝန်ယူစောင့်ရှောက်နေတဲ့ သူဟာ ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေပဲ ဖြစ်တယ်၊ဒါကို သိချပ်စေ လိုတယ်” ဟု ဦးရည်မွန်က ပြောသည်။
စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် အမြင်မှန်ရရန် အချိန်ရောက်နေပြီဖြစ်ကြောင်း ပြောကြားသည်။
” စစ်အာဏာရှင် ခိုင်းသမျှ မျက်ကန်းတစ္ဆေမကြောက် နာခံနေခြင်းဟာ ခင်ဗျားတို့ အသက်တွေ ၊ ဘဝတွေ အချီးနှီး ပျက်စီးမှုနဲ့ပဲ လမ်းဆုံးလိမ့်မယ်ဆိုတာ သတိချပ်စေလိုတယ်။ ဒါကြောင့် အချိန်မီ ပြည်သူဘက်က ရပ်တည်ပါ။ပြည်သူ့အစိုးရနဲ့ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေကို နာခံပါ။အချိန်မနှောင်းခင် ခင်ဗျားတို့ ရပ်တည်ချက်ကို ပြောင်းလဲပါလို့ တိုက်တွန်းလိုတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် စနစ်ကို တိုက်နေခြင်းသာဖြစ်ပြီး လူကို တိုက်နေခြင်းမဟုတ်ကြောင်းလည်း ပြောကြားသည်။
” ခင်ဗျားတို့ အသက်တွေ ဘဝတွေ အချီးနှီး မဆုံးရှုံးစေလိုသလို ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေ ကျွန်တော်တို့ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေလည်း အကျိုးမဲ့ မဆုံးရှုံးစေလိုဘူး။စစ်မြေပြင်ရောက်မှ ခင်ဗျားတို့ကို သုံ့ပန်းအဖြစ် ကျွန်တော်တို့ မဖမ်းလိုဘူး။ခင်ဗျားတို့ အသက်သာမက ခင်ဗျားတို့ ဘဝ၊ ခင်ဗျားတို့ ဂုဏ်သိက္ခါကိုလည်း ဒီထက်ပိုပြီး အသိအမှတ်ပြု လေးစားလိုတယ်။ ဒါကြောင့် တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ၊ တပ်မ၊စကခ၊ဒကစ အလိုက်ဖြစ်စေ၊ စစ်တိုင်းဌာနချုပ်အလိုက် ဖြစ်စေ ပြည်သူ့အစိုးရNUGနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထံ အမြန်ဆုံး ဆက်သွယ်ပါ။(ကျွန်တော့်ကိုလည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။)”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။
ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ်များက လက်ရှိတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ထားပြီးဖြစ်သကဲ့သို့ ကချင်၊ ရက္ခိုင်၊ ချင်း၊ ရှမ်းမြောက်၊ မန္တလေး၊ ကရင်စသည့် နေရာဒေသအသီးသီးတွင်လည်း စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထားသည်။
ပြည်သူ့တော်လှန်ရေးသည် ခေတ်သစ်စနစ်သစ် ပြောင်းလဲရေးကို ဦးတည်နေပြီး တိုင်းသစ်ပြည်သစ်ထူထောင်ရေးကို ဦးတည်ကြောင်း၊ ပြည်သူကို လေးစားပြီး ခေတ်စနစ်ပြောင်းလဲရေးကို လက်ခံသည့်တပ်မတော်သားနှင့် ရဲများ၊ ပြည်သူက လက်ကမ်းကြိုနေမည်ဖြစ်ကြောင်း ဝန်ကြီးဦးရည်မွန်က ပြောသည်။
“ခင်ဗျားတို့ ကိုယ်တိုင် သမိုင်းသစ်ရေးသူတွေထဲ အပါအဝင် ဖြစ်လာလိမ့်မယ်။ ခင်ဗျားတို့ အမြင်မှန်ရရင် ခင်ဗျားတို့အတွက် အနာဂတ်ရှိတယ်ဆိုတာ အသိပေးလိုပါတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။