မိထက်၊ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့(ဩဂုတ် ၇ရက်)နေ့လယ် ၂နာရီခန့်တွင် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
တအာင်းအမျိုးသားလွတ်လက်ရေးတပ်မတော် (TNLA)တိုက်ခိုက်သိမ်းယူထားသည့် စစ်ကောင်စီဗျူဟာကုန်းကို ဗုံးကြဲတိုက်ခိုက်ခြင်းဟု ဆိုသည်။
“မိတ္ထိလာကတက်လာတဲ့ လေယာဉ်နဲ့ ပစ်သွားတာ။ ထိခိုက်မှုတွေကို မသိရသေးဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။
“လောလောဆယ် နှစ်ကြိမ်ရှိပြီ။ ရဲစခန်းနဲ့ ဗျူဟာကုန်းဘက်လို့ ကြားတယ်”ဟု ဒေသသတင်းရင်းမြစ်က စစ်ကောင်စီ၏ ယနေ့ နေ့လယ်ပိုင်း လေကြောင်းတိုက်ခိုက်မှု အခြေအနေကို ပြောသည်။
ယနေ့ လေကြောင်းတိုက်ခိုက်မှုနှင့် ထိခိုက် သေဆုံးရှိ၊မရှိ အခြေအနေများကို TNLA ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
စစ်ကောက်စီသည် ဩဂုတ် ၅ရက်ကလည်း ကွတ်ခိုင်မြို့မဈေးကို လေကြောင်းမှတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ခြောက်ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဈေးဆိုင်ခန်းပေါင်း ၄၀၁ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
ထိုနေ့က လေကြောင်းကင်းထောက်နေစဉ် TNLA က ဈေးပိတ်ခိုင်းပြီး ရှောင်ရှားနေကြရန် ညွှန်ကြားခဲ့၍ လူသေဆုံးမှုနည်းခဲ့ခြင်းဟု ဒေသခံအချို့ကပြောသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့၊ ရွာများရှိ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ စသည့် အဆောက်အအုံများကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေ၍ တားဆီးဟန့်တားပေးရန် အိမ်နီးချင်း တရုတ်နှင့် နိုင်ငံတကာသို့ မြောက် ပိုင်းမဟာမိတ်သုံးဖွဲ့က ဩဂုတ် ၆ရက်တွင် တောင်းဆိုထားသည်။