နိုင်ပကောင်း/People’s Spring
စစ်ကောင်စီရဲ့ စစ်ရုံးချုပ် ရှိရာ နေပြည်တော် ဆီ ထိုးဖောက်ဖို့ စစ်ရေးအရ အချက် အချာကျတဲ့ စစ်တောင်း မြစ်ဝှမ်း မှာစစ်ဆင်ရေး ကို မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး(KNU ) ရဲ့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။
စစ်တောင်းမြစ်ဝှမ်းမှာ KNU တပ်မဟာ ၃ ခုပေါင်းပြီး တိုက်ပွဲဖော်ဖို့ လုပ်ဆောင်နေတယ်ဆို့ အာဏာသိမ်းစစ်ကောင် စီခေါင်းဆောင်က ပြောကြားမှုကို KNU တပ်မဟာ ၅ ရဲ့ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်လိုက်တာပါ။
KNU တပ်မဟာ ၁ ၊ ၃၊ ၅ တို့ စစ်ပွဲဖော်ဖို့ရှိတာလို့ စစ်ခေါင်းဆောင်က လွန်ခဲ့တဲ့ နှစ်ရက်က မိန့်ခွန်းပြောရာမှာ ထည့် ပြောသွားတာဖြစ်ပါတယ်။
“သူ(စစ်ခေါင်းဆောင်)ပြောတဲ့ ဒီစစ်တောင်းမြစ်ဝှမ်းမှာ KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖော်ဆောင်မယ်ဆိုတဲ့ဟာက ဒါကလုပ်သင့်တဲ့အရာပဲ၊ ဒါက မလုပ်ပဲနဲ့ဆိုလို့ရှိရင် သူတို့ကို အခွင့်အရေးပေးသလိုပဲ ဖြစ်မှာပေါ့ “ လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။
စစ်တောင်းမြစ်ဝှမ်းမှာ စစ်ကောင်စီတပ်တွေအပေါ် ဆင်နွှဲမယ့် စစ်ဆင်ရေးဟာ အခုမဖြစ်သေးရင်တောင် မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
KNU ရဲ့ နယ်မြေသတ်မှတ်ပုံအရ တပ်မဟာ (၁) သထုံခရိုင် ၊ တပ်မဟာ (၂) တောင်ငူခရိုင် ၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင် ၊ တပ်မဟာ (၄)မြိတ် – ထားဝယ်ခရိုင် ၊ တပ်မဟာ (၅) ဖာပွန်ခရိုင် ၊ တပ်မဟာ (၆) ကြာအင်း ဆိပ်ကြီးခရိုင် ၊ တပ်မဟာ (၇) ဖားအံခရိုင်တို့ ဖြစ်ပါတယ်။
အဲဒီ တပ်မဟာ တွေထဲမှာ နေပြည်တော်နဲ့အနီးဆုံးဟာ တပ်မဟာ (၂) တောင်ငူခရိုင် နဲ့ တပ်မဟာ (၃) ညောင်လေးပင် ခရိုင် တို့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ကာလတွေအတွင်း အဲဒီတပ်မဟာ တွေ စစ်ရေးလှုပ်ရှားနယ်မြေအတွင်း တိုက်ပွဲတွေ ဖြစ်ထားပါတယ်။
နေပြည်တော် ဆီ ထိုးဖောက်ဖို့ အနီးဆုံး မှာရှိတဲ့ စစ်တောင်းမြစ်ဝှမ်းကိုစိုးမိုးနိုင်ရေးအတွက် ကြိုးပမ်းနေတယ် လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်ကလည်း ထုတ်ပြောထားပါတယ်။