ကိုပုဂံ/People’s Spring
စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့တွင် တိုက်ပွဲဖြစ်တော့မည်ဟု သတင်းများကြောင့် စစ်တပ်မိသားစုဝင်များအပါအဝင် မြို့ခံအချို့မှာ ယနေ့(သြဂုတ် ၇ရက်) စတင်ပြောင်းရွှေ့နေကြောင်းဒေသခံများကပြောသည်။
ဒေသတစ်ခုလုံးနီးပါး စစ်ကောင်စီကင်းစင်သွားသော ရှမ်းပြည်နယ်မြောက်ပိုင်းအစပ်မြို့ဖြစ်သော မန္တလေးတိုင်းရှိ ပြင်ဦးလွင်မြို့တွင် မကြာမီမြို့သိမ်းတိုက်ပွဲဖြစ်တော့ဟုဆိုကာ သြဂုတ် ၇ ရက် အုတ်အော်သောင်းနင်းပြောဆိုမှုဖြစ်ပွားပြီး တပ်မိသားစုဝင်များအပါအဝင် မြို့ခံများမှာ ရန်ကုန်၊နေပြည်တော်မြို့၊စသောမြို့များသို့ ပြောင်းရွှေ့နေကြောင်း ဒေသခံများက ပြောသည်။
၁၀၂၇စစ်ဆင်ရေးအပိုင်း(၂)တွင် ပြင်ဦးလွင်နှင့် အနီးကပ်ဆုံးမြို့များဖြစ်သော နောင်ချိုနှင့် မိုးကုတ်မြို့များကို တအာင်းတပ်မတော်(TNLA)ဦးဆောင်သော ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သည်။ ထို့အပြင် ကိုးကန့်တပ်MNDAA) ပူးပေါင်းတပ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တည်ရှိရာ လားရှိုးမြို့ကို ဇူလိုင် ၃ရက်က စတင်တိုက်ခိုက်ခဲ့ပြီး တစ်လပြည့်သည့်နေ့ သြဂုတ်၃ရက်မှာပင် ရမခအပါအဝင် လားရှိုးမြို့အား အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။
နောင်ချို ၊မိုးကုတ် ၊ မိုးမိတ် ၊လားရှိုး ၊ကျောက်မဲ မြို့များကို တော်လှန်ရေးတပ်များကသိမ်းပိုက်ပြီးနောက် ပြင်ဦးလွင်မြို့အား ဆက်လက်သိမ်းပိုက်မည်ဟု ဒေသခံများက တွက်ဆ၍ ပြောင်းရွှေ့နေကြခြင်းလည်း ဖြစ်သည်။
ထူးခြားသည်မှာ ပြင်ဦးလွင်မြို့ရှိ စစ်တပ်အရာရှိမိသားစုဝင်များပါ ၎င်းတို့ကလေးများ၏ စာသင်ကျောင်းမှ ခွင့်တိုင်ကာ စတင်ပြောင်းရွှေ့နေကြောင်း မြို့ခံများက ဆိုသည်။
“ဒီနေ့တော့ ဘယ်အိမ်သွားသွား ပြောင်းကြဖို့အရေးပဲ တိုင်ပင်ပြောနေကြတယ်။ တချို့လည်း ပြောင်းနေကြပြီ။ တပ်ထဲကသူတွေက ပိုဆိုးတယ်”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။
အခြားမြို့ခံတစ်ဦးကလည်း” တပ်ထဲက အရာရှိမိသားစုတွေပါ ကလေးတွေခေါ်ပြီး ပြောင်းတာ”ဟု ပြောသည်။
ထို့အပြင် ပြင်ဦးလွင်မြို့အား PDF ရဲဘော်များက စုပေါင်းတိုက်ခိုက်မည်ဟု သတင်းရရှိထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ် People Media မှ စစ်တပ်လော်ဘီ ကျော်စိုးဦးက သြဂုတ် ၆ရက်တွင် “သတိ ပြင်ဦးလွင်”ဟု ခေါင်းစဥ်ဖြင့် သတင်းထုတ်လွှင့်မှုကြောင့် စစ်သားမိသားစုနှင့် မြို့ခံများမှာပို၍ စိုးရိမ်နေကြာင်းသိရသည်။
ပြင်ဦးလွင်မြို့အား တိုက်ခိုက်ရန် စဥ့်ကူး၊မတ္တရာဒေသ၌ တိုက်ခိုက်နေသော PDF များက ယင်းဒေသများတွင် ဆက်မတိုးတော့ဘဲ အဓိကပစ်မှတ်မှာ ပြင်ဦးလွင်ဟု သိရကြောင်း၊ ပြင်ဦးလွင်အား တိုက်ခိုက်ရန် ကောလင်းဒေသရှိ PDF စစ်ကြောင်းများဆင်းလာနေသည်ဟု သိရကြောင်း၊ မန္တလေးတိုင်းအတွင်းရှိနေသော PDF စစ်ကြောင်းများနှင့် ကောလင်းဒေသမှ ဆင်းလာသော PDF စစ်ကြောင်းများ ပူးပေါင်းပြီး ပြင်ဦးလွင်မြို့အား သိမ်းပိုက်မည်ဟု တိကျသည့် သတင်းရထားသည်ဟု People Media မှ စစ်ကောင်စီဝါဒဖြန့် ကျော်စိုးဦးကပြောခဲ့ခြင်းဖြစ်သည်။ရရှိထားသော ရုပ်သံဖိုင်များအရ ကျည်ဆန်များပင် ရောက်ရှိနေသည်ဟု၎င်းက ဆိုသည်။
လက်ရှိ ပြင်ဦးလွင်မြို့တွင် ရှမ်းမြောက်ဒေသရှိ လားရှိုး၊ကျောက်မဲ၊ နောင်ချိုမြို့တို့မှ စစ်ဘေးရှောင်များ အများအပြားရောက်ရှိနေသည်။ ၎င်းတို့အနက် အချို့မှာလည်း ထပ်မံစစ်ဘေးရှောင်ရန်အတွက် စီစဥ်နေကြကြောင်းလည်း သိရသည်။
ပြင်ဦးလွင်မြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၀ရက်ကလည်း တိုက်ပွဲဖြစ်မည်ဟုဆိုကာ ဒေသခံများအကြား ပြောဆိုသတင်းပျံ့ခဲ့သေးသည်။
ထူးခြားသည်မှာ ယခုတစ်ပါတ်အတွင်း ပြင်ဦးလွင်မြို့၌ စစ်သား၊စစ်ဗိုလ်များ လုံးဝမမြင်တွေ့ရဟု ဒေသခံတစ်ဦးက ပြောသည်။
၁၀၂၇စစ်ဆင်ရေးအပိုင်း(၂)နှင့်အတူ ရှမ်း-မန်းစစ်ဆင်ရေးတွင် တအာင်းတပ်မတော် (TNLA)နှင့် မန္တလေး PDFပူးပေါင်းတပ်တို့သည် ဇွန်လ ၂၅ရက်က စတင်စစ်ရေးဖော်ဆောင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကို သိမ်းပိုက်ထားသည်။ ထို့အပြင် ပြင်ဦးလွင်မြို့၏ မြောက်ဘက်တွင်ရှိသော မိုးကုတ်မြို့ကိုလည်း TNLAနှင့် မန္တလေး PDFပူးပေါင်းတပ်တို့က သိမ်းပိုက်ထားသည်။
ပြင်ဦးလွင်မြို့နှင့် တော်လှန်ရေးတပ်များသိမ်းပိုက်ထားသော နောင်ချိုမြို့မှာ (၃၅)မိုင်ကွာဝေးပြီး ၊ မိုးကုတ်မြို့နှင့်လည်း (၈၈)မိုင်သာကွာဝေးသည်။ TNLA နှင့် ပူးပေါင်းတပ်များက သြဂုတ် ၅ ရက်တွင် သိမ်းပိုက်ခဲ့သော ကျောက်မဲမြို့နှင့်လည်း ၆၅မိုင် ဝန်းကျင်သာကွာဝေးသည်။ လားရှိုး မြို့မှာလည်း ပြင်ဦးလွင် ၊မန္တလေး မြို့များသို့ သွားလာနိုင်သည်။ ရှမ်းမြောက်ရှိ အဓိက မြို့အားလုံးနီးပါးကို တော်လှန်ရေးတပ်များက သိမ်းပိုက် ပြီးဖြစ်၍
ပြင်ဦးလွင် နှင့် မန္တလေးမှာ အကာအကွယ်မဲ့သွားပြီဟု စစ်တပ်ဝါဒဖြန့် တယ်လီီဂရန်များတွင် ရေးသားနေကြသည်ကိုလည်းတွေရသည်။
ပြီးခဲ့သည့် ဧပြီ ၁၄ရက်ကလည်း ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီ၏ အိမ်တော်နေရာနှင့်စစ်တက္ကသိုလ်(DSA) ကျောင်းအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ဇန်နဝါရီအတွင်းကလည်း ပြင်ဦးလွင်မြို့နယ် ကျောက်မဲလေးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား တအာင်းတပ်မတော်(TNLA)၊ မန္တလေး PDFပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ရက်ဆက်တိုက်ပွဲများပြင်းထန်ခဲ့သည်။