မိထက်/People’s Spring
ရပ်စောက်မြို့နယ်တွင် ယနေ့ (သြဂုတ် ၈)တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် မှ ကိုးဦးသေဆုံးပြီး စစ်သုံ့ပန်း ရှစ်ဦးဖမ်းမိကာ သေနတ် ၁၉ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဩဂုတ်လ ၈ရက်နေ့ နံနက် ၁၁ ခန့်မှစတင်၍ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်သား ကိုးဦးသေဆုံးကာ ရှစ်ဦးအရှင်ဖမ်းမိကာ လိုအပ်သောစစ်ဆေးမှုများပြုလုပ်နေသည်ဟု ၎င်းကရှင်းပြသည်။ထိုအပြင်စစ်ကောင်စီဘက်မှ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“သေချာမေးမြန်းပြီး ထိန်းသိမ်းထားပါအုံးမယ်” ဟု စစ်သုံ့ပန်းများနှင့်ပတ်သက်၍ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA )တာဝန်ရှိသူကပြောသည်။
တိုက်ပွဲဖြစ်ပွားပြီး ညနေ ၃နာရီ ၄၅ မိနစ်၌ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်းDPLF/DPLAက သတင်းထုတ်ပြန်ထားသည်။ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြေပြင်ထိခိုက်မှုအခြေအနေကိုမသိရှိရသေးပေ။
ရှမ်းပြည်နယ်တောင်ပိုင်ရပ်စောက်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ထိစပ်နေသည်။ စစ်ကောင်စီက ရက်စောက်မြို့မှတစ်ဆင့် ရှမ်းပြည်
နယ်မြောက်ပိုင်းသို့ အင်အားဖြည့်တင်းမှုများပြုလုပ်နေသည်။ တော်လှန်ရေးတပ်များသိမ်းပိုက်ထားသော နောင်ချိုမြို့နယ်သို့လည်းစစ်ကောင်စီက ရှမ်းတောင်မှ တဆင့် စစ်ကူစစ်ကြောင်းများပို့နေခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့အားလုံးနီးပါးသိမ်းပြီးချိန်တွင် စစ်ကောင်စီ စစ်ကူစစ်ကြောင်းများကိုပါ တော်လှန်ရေးတပ်များက ဖြတ်တောက်တိုက်လာပြီး စစ်ပွဲများမှာ ရှမ်းတောင်တွင်ပါဖြစ်လာပြီဖြစ်သည်။
DPLF/DPLAသည်ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းရော ဒုတိယပိုင်းတွင်ပါ TNLA နှင့် ပူးတွဲပါဝင်တိုက်ခိုက်ခဲ့သည်။ TNLA ၊ မန္တလေး PDF တို့နှင့်အတူ DPLF/DPLA တပ်ဖွဲ့ဝင်များမှာနောင်ချိုမြို့သိမ်းတိုက်ပွဲတွင်ပါဝင် ဆင်နွှဲခဲ့ပြီး အောင်ပွဲရခဲ့ခြင်းဖြစ်သည်။