“Export Money မပြနိုင်ရင်လိုင်စင်မပေးတော့ဘူး။မရှိမဖြစ်ဆေးတွေ၊နေ့စဉ်ဆေးသောက်နေရတဲ့လူတွေအတွက်ဆေးတွေ၊ကြိုဝယ်ထားကြပေတော့။ဈေးတက်မယ်၊ပစ္စည်း ပြတ်မယ်။မဝယ်နိုင်ရင် သေဘို့သာပြင်ရတော့မယ်”-
−ဆေးဆိုင်ပိုင်ရှင်ဟောင်းတစ်ဦး
ရဲခေါင်/People’s Spring
ရန်ကုန်မြို့ရှိရပ်ကွက် ဆေးဆိုင် အချို့ ရပ်နား၊ပိတ်သိမ်းမှုများ ရှိလာကြောင်း ရန်ကုန်မြို့ခံများက လူထုနွေဦးသို့ပြော သည်။
စစ်ကောင်စီ၏ (ဆေးဝါးအပါအဝင်)ပြည်ပသွင်းကုန်တင်းကြပ်သည့် မူဝါဒ များ၊ဒေါ်လာချုပ်ကိုင်မှုများ သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပြည်တွင်းဆေးဝါးပြတ် လပ်မှု ကို ပိုမိုးဆိုးရွားလာစေသည်ဟု အရောင်းပိတ်လိုက်ရသည့် ဆေးဆိုင်ပိုင်ရှင်ဟောင်းအချို့က ပြောသည်။
“အရင်ကဆို ကယ်စီဗိုက်တာဖို့ လို လူကြီးအားဆေး၊ ဘရန်းငှက်သိုက်၊နှလုံးဆေး၊အသည်းဆေးက အစ တင်ထားနိုင်တယ်။ဒီနှစ် လေးလပိုင်းလောက်ကစလို့ နိုင်ငံ ခြားဆေးနဲ့ပတ်သက်ရင် နှားစေး၊ချောင်းဆိုး ၊ခေါင်းကိုက် လောက်ပဲရှိတယ်။ကြာလာတော့ လာဝယ်တဲ့သူတွေကို မရှိဘူး၊ကုန်နေတယ် ပြောတာ အားနာလာတယ်။ပြီးတော့ ဆိုင်ခန်းငှားခ ကပါ တက်လာတော့ မထူးတော့ဘူးဆိုပြီး ဖြုတ်လိုက်တာ”ဟု မကြာသေးမီရက်ပိုင်းက ပိတ်သိမ်းခဲ့သည့် ကမာရွတ်မြို့နယ်ရှိ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
အချို့ရပ်ကွက် ဆေးဆိုင်များတွင်မူ ပြည်ပမှထုတ်လုပ်တင်သွင်းသော ဆေးရောင်းချမှုကို ရပ်နားပြီး မြန်မာပြည်တွင်းထုတ်ဆေးဝါးအချို့သာ ရရှိကြောင်းလည်း သိရသည်။
“တခါပစ္စည်းဝယ်ရင် တစ်ခါတက်နေတော့ဘယ်လိုမှ ရောင်းမတက်တော့ဘူး။ ၂,၀၀၀ တန်ကို ၂,၀၅၀ နဲ့ရောင်း၊နောက်တစ်ခါ အဲဒီ ပစ္စည်းပဲ ထပ်ဝယ်တော့ ၂,၂၀၀ ဖြစ် ။အရင်းထဲက ပဲပါနေတာ။အဲဒီတော့ အဂ်လိပ်ဆေး နဲ့ပတ်သက်လို့ ကတော့ ဆေး အချို့လောက်ပဲ ရှိတော့တယ်။ထပ်မတင်နိုင်တော့ဘူး။ဒီပုံစံအတိုင်း ဆက်သွားရင်တော့ ဆိုင်ပိတ်ရတော့မှာပေါ့”ဟု နိုင်ငံ ခြားဆေးဝါးစျေးတက်ပြတ်လပ်မှုကို အင်းစိန်မြို့နယ် ရှိ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။
ထို့အပြင် စက်တင်ဘာလ ၁ ရက်ကစ၍ ဆေးဝါးအပါအဝင် ပြည်ပ သွင်းကုန် များအတွက် စစ်ကောင်စီက ဒေါ်လာ ရောင်းမပေးတော့ဘဲ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို လုပ်ငန်းရှင်များက ဝယ်ယူ တင်သွင်းရမည်ဟု စစ်ကောင်စီကမူဝါဒပြောင်းပြန်သည်။
“Export Money မပြနိုင်ရင်လိုင်စင်မပေးတော့ဘူး။မရှိမဖြစ်ဆေးတွေ၊နေ့စဉ်ဆေးသောက်နေရတဲ့လူတွေအတွက်ဆေးတွေ၊ကြိုဝယ်ထားကြပေတော့။ဈေးတက်မယ်၊ပစ္စည်း ပြတ်မယ်။မဝယ်နိုင်ရင် သေဘို့သာပြင်ရတော့မယ်”ဟု စစ်ကောင်စီ၏ ကြေညာချက်အပေါ်. ဆေးဝါးတင်သွင်းရောင်းချမှုလုပ်ငန်းစဥ်ကိုနားလည်သော ဆေးဆိုင်ပိုင်ရှင်ဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။
စစ်ကောင်စီ၏ နောက်ကြောင်းပြန်ဆွဲသည့် မူဝါဒ အသစ်ကြောင့် ပြည်တွင်း၌ နိုင်ငံခြားဖြစ်ဆေးဝါးရှားပါးမှုထက် ပြတ်လပ်မှုများပိုမိုဖြစ်လာနိုင်မည်ဟု ဆေးဝါးတင်သွင်းသည့် လုပ်ငန်းရှင်များက တညီတညွတ်တည်းပြောသည်။