ယောနသံ/People’s Spring
လူမှောင်ခိုမှုတွေအပါအဝင် ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး စုံစမ်းစစ်ဆေး ခံနေရတဲ့မလေးရှား ဒုတိယ ဝန်ကြီးဟောင်း တစ်ဦးဟာ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခရီးစဉ်တစ်ခု သွားရောက်နေကြောင်း မလေးရှား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
ဝန်ကြီးချုပ်ရုံး ဒုတိယ ဝန်ကြီးဟောင်းဖြစ်သူ ဒေါက်တာ မာရှီတာ အီဘရာဟင်ဟာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရည်ရွယ်ချက်အတွက် မြန်မာနိုင်ငံကို သွားရောက်နေတာလို့ မလေးရှား ရဲတပ်ဖွဲ့ရဲ့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန (CID) အကြီးအကဲ မိုဟာမက် ရှူဟိုင်လီ မိုဟာမက် ဇိန်းက ပြောပါတယ်။ တစ်ဖက်မှာလည်း ရဲတပ်ဖွဲ့ဟာ အီဘရာဟင်ကို မြန်မာနိုင်ငံ အခြေစိုက်လူမှောင်ခိုဂိုဏ်း တစ်ခုနဲ့ ပတ်သက်တဲ့ စုံစမ်း မေးမြန်းမှုတွေ လုပ်ဆောင်နေဆဲလို့ သိရပါတယ်။
ရဲတပ်ဖွဲ့ အနေနဲ့ အီဘရာဟင်က ထိုင်းနဲ့ နယ်စပ်နားမှာရှိတဲ့ မြန်မာပိုင် မြဝတီမြို့ကို အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စနဲ့ ရောက်ရှိနေတယ် ဆိုတာကို အတည်ပြုနိုင်ကြောင်း ဇိန်းက စက်တင်ဘာ ၃ ရက်မှာ မှတ်ချက်ပေးခဲ့ပါတယ်။
တစ်နည်းအားဖြင့် CIDဟာ ဒုတိယဝန်ကြီးဟောင်းရဲ့ ပြည်ပ ခရီးစဉ်တွေကိုကြားဖြတ်ဟန့်တားမှုမရှိတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အီဘရာဟင် အပါအဝင် လူပုဂ္ဂိုလ် ၅ ဦးကို မြန်မာနိုင်ငံမှာ မလေးရှားနိုင်ငံသားတွေ ဆက်စပ် ပါဝင်နေတဲ့လူမှောင်ခို ကိစ္စတွေနဲ့ ပတ်သက်ပြီး ထွက်ချက်ယူမှုတွေ၊ စုံစမ်းမေးမြန်းမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒေါက်တာ မာရှီတာ အီဘရာဟင်ကို စစ်ကောင်စီ နဲ့ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)တို့က အကာအကွယ်ပေးထားတယ်လို့ နေပြည်တော်က သတင်းရင်းမြစ်တစ်ဦးက People’s Spring ကိုပြောပါတယ် ။
နေပြည်တော် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကို People’s Spring က စက်တင်ဘာလ ၃ရက် မေးမြန်းခဲ့ရာ ဒေါက်တာ အီဘရာဟင်ဟာ ရွှေကုက္ကိုယ်မှာရောက်နေပြီး သူတို့ကို စစ်ကောင်စီနဲ့ BGF ကိုယ်တိုင်က အကာအကွယ်ပေးထားတယ်လို့ အထက်ပါရဲအရာရှိကပြောပါတယ် ။
အီဘရာဟင်ဟာ နိုင်ငံတကာ လူမှောင်ခို ဂိုဏ်းတစ်ခုရဲ့ နောက်ကွယ်မှာ အဓိက ကြိုးကိုင်ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဩဂုတ် ၂၈ ရက်နေ့မှာ ထွက်ပေါ်လာတဲ့နောက် CIDက သူ့ကို စုံစမ်းမေးမြန်းခဲ့တာ ဖြစ်ပါတယ်။
မလေးရှားလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ (MHO)က အီဘရာဟင်နဲ့ ခင်ပွန်းဖြစ်သူ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဟီရှာမက်ဒင် ဟာဒင်တို့ဟာ လူမှောင်ခိုမှုတွေနဲ့ ဆက်စပ်နိုင်တယ်ဆိုတဲ့ သံသယ စက်ကွင်းအောက်မှာ၂၀၂၀ပြည့်နှစ်လောက် ကတည်းက ရှိနေခဲ့တယ်လို့ပြောပါတယ်။
ဒါပေမယ့် မလေးရှား ဒုတိယဝန်ကြီးဟောင်း နဲ့ ခင်ပွန်းဖြစ်သူ တို့ဟာ Dongmei Park အမည်ရ လူကုန်ကူးမှု၊မူးယစ်ဆေးအပါဝင် အွန်လိုင်းလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ နာမည်ကြီး သုတေသနအဖွဲ့ Justice For Myanmar (JFM) ကမေလက ထုတ်ပြန်သည့် အစီရင်ခံစာမှာစတင်ဖော်ပြခဲ့တာပါ။ ဖော်ပြပြီး ၃လအကြာမှာ မလေးရှားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလာတာဖြစ်ပါတယ်။
၎င်းတို့နှစ်ဦး၏ ထွက်ဆိုချက်များကိုရယူထားပြီဖြစ်ပြီး သက်သေများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအရာရှိချုပ် Tan Sri Razarudin Husain ၏ ပြောကြားမှုကို မလေးရှားအစိုးရပိုင် သတင်းစာများတွင် ဩဂုတ် ၂၉ရက် က ဖော်ပြခဲ့သည်။
စွပ်စွဲချက်များကို အီဗရာဟင်က ငြင်းဆိုထားပြီး ၂၀၂၀ ခုနှစ်က Dongmei Park ကို မိတ်ဆွေတဦး၏ဖိတ်ခေါ်မှုနဲ့ အလည်အပတ် သွားခဲ့တာဖြစ်ပြီးအဲဒီ ခရီးစဉ်နဲ့ ဆက်စပ် စွပ်စွဲခံရတာဖြစ်တယ်လို့ သူရဲ့ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ် ။Dongmei Park ဟာ လေးလေ့ကေ့ကော်မြို့သစ်အနီးမှာ တည်ရှိပြီးတော့ BGF က လုံခြုံရေးယူပေးထားတယ်လို့သိရပါတယ်။
ရထိုက်ကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ မြဝတီ၊ ရွှေကုက္ကိုမြို့သစ် စီမံကိန်းဟာ BGFနဲ့ အကျိုးတူ လုပ်ငန်း လုပ်ကိုင်နေတာဖြစ်ပါတယ် ။အဲဒီ စီမံကိန်းမှာ မြောက်မြားစွာသော ငွေလိမ်ဂိုဏ်းတွေ၊ လူကုန်ကူးမှုတွေ၊ကျားဖျန့် အွန်လိုင်းလုပ်ငန်းတွေ ရှိနေတယ်လို့ ပြီး JFMက စုံစမ်းဖော်ထုတ်ထားပါတယ် ။အဆိုပါလုပ်ငန်းများထံမှ BGFမှာ အကျိုးအမြတ်များစွာရရှိနေတယ်လို့ သတင်းတွေကဆိုပါတယ် ။
ဒုဝန်ကြီးဟောင်း ရဲ့ အမှုနဲ့ ဆက်စပ်ပြီး မလေးရှားရဲတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော် အခြေစိုက် blogger တစ်ယောက်ကိုလည်း အွန်လိုင်းကနေ ချိတ်ဆက်ပြီး စုံစမ်းမေးမြန်း စစ်ချက်ယူခဲ့ပါတယ်။
CIDနဲ့ ရဲတွေဟာ လူမှောင်ခို ဂိုဏ်းတစ်ခုနဲ့ ဆက်စပ်နိုင်တဲ့ လူပုဂ္ဂိုလ်တွေကို ဖြန့်ကျက် ဖော်ထုတ်နိုင်ဖို့ အဓိက ရည်ရွယ် လုပ်ဆောင်နေတာလို့ ပြောပါတယ်။ ဇိန်းက ပြည်သူတွေ အနေနဲ့ နိုင်ငံရပ်ခြားကနေ၊ အထူးသဖြင့် လိမ်လည်မှုတွေနဲ့ ပတ်သက်လို့ နာမည်ဆိုး ထွက်နေတဲ့ နိုင်ငံတွေကနေ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ကမ်းလှမ်းမှုတွေ ရရှိလာရင် အထူးသတိထားဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီအတောအတွင်း YouTubeမှာ တင်ထားတဲ့ ဗီဒီယို တစ်ခုဟာ တခြား အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားမှာ အတော်လေး ဂယက်ထစေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ လူမှောင်ခို ဂိုဏ်းတစ်ခုဟာ အင်ဒိုနီးရှား နိုင်ငံသား တော်တော်များများကို လူမှောင်ခို ကုန်ကူးပြီး အဓမ္မ ခိုင်းစေတာ၊ ညှင်းပန်းနှိပ်စက်တာတွေအပြင် ကိုယ်တွင်းကလီစာ ရောင်းဝယ်မှုတွေအတွက် အမြတ်ထုတ်တာ၊ နောက်ဆုံးအဆင့် သတ်ဖြတ်တာတွေထိ ကျူးလွန်နေကြောင်း အဲဒီဗီဒီယိုမှာ ဖော်ပြပါရှိခဲ့ပါတယ်။
ကိုးကား -Straits Times