Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ စက်တင်ဘာပထမပတ်အတွင်း ကလေးငယ် ၁၁ဦးအပါအဝင် ပြည်သူ ၄၀ဦးခန့်သေဆုံးဟု NUGထုတ်ပြန်

လူစိတ်ပျောက်နေသော စစ်ကောင်စီအား ထောက်ခံလက်တွဲဆောင်ရွက်နေသည့် လုပ်ရပ် များရပ်တန်းကရပ်ရန် NUG ကျန်းမာရေး သတိပေး

ဟန်နွေ/People’s Spring

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် စက်တင်ဘာပထမပတ်အတွင်း အရပ်သား ပြည်သူ ၄၀ဦးခန့်သေဆုံးကာ ယင်းအနက် ကလေးငယ်နှင့် အမျိုးသမီးများလည်း ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၇ရက်တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အပြစ်မဲ့အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိရာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အချို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မကွေးတိုင်း ၊ ချင်းပြည်နယ်၊ ရှမ်းမြောက် ၊ ကရင်နီဒေသ(ရှမ်းတောင်)၊ ပဲခူးတိုင်း ဒေသများရှိ အရပ်သား ပြည်သူများ နေထိုင်ရာများကို လေကြောင်းတိုက်ခိုက်ခဲ့ရာအနည်းဆုံး ကလေးငယ် ၁၁ဦးအပါအဝင် ပြည်သူ ၃၉ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။ သေဆုံးသူများထဲ၌ ကိုယ်ဝန်ဆောင်နှင့် ကလေးမိခင်များ အပါအဝင် အမျိုးသမီးများလည်း ပါဝင်သည်။

တိုက်ခိုက်မှု ဖြစ်စဉ်များကို ဖော်ပြခဲ့ရာ စက်တင်ဘာ ၆ရက် မြိုင်မြို့နယ် လက်ယက်မရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှု၌ ကလေး တစ်ဦး အပါအဝင် ပြည်သူ ၆ဦး သေဆုံးကာ ၅ဦး ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

ယင်းနေ့မနက်အစောပင် မင်းတပ်မြို့နယ် တိုက်နယ်(၄)ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက် စာရင်းမသိရသေးကြောင်း၊ ရှမ်းမြောက် နမ့်ခမ်းမြို့ လေကြောင်း တိုက်ခိုက်မှုတွင် ကလေးငယ် ၂ဦးအပါအဝင် ၁၁ဦး သေဆုံးကာ ၁၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

ကရင်နီဒေသ ဖယ်ခုံမြို့နယ် ဘန်ကောက် စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုတွင် ကလေးငယ် ၇ဦး အပါအဝင် ပြည်သူ ၉ဦး သေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

စက်တင်ဘာ ၅ရက်ကလည်း ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ (၂)ဦးထက်မနည်း သေဆုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စက်တင်ဘာ ၅ရက်ညပိုင်းကလည်း နောင်ချိုမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် ရွှေမုဌောကျေးရွာနေ ကလေးငယ် ၁ဦး သေဆုံးကာ ဖခင်ဖြစ်သူ ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

စက်တင်ဘာ ၅ရက်ညနေပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာနှင့် ဖလံကုန်းကျေးရွာတို့ကို စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် (၃)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ဟု ဆိုသည်။

စက်တင်ဘာ ၃ရက်ကလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ လုံးရန်းကျေးရွာအုပ်စု၊ ကျွဲကောပင်ကျေးရွာအား ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ကလေးနို့တိုက်နေသော မိခင်တစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

စက်တင်ဘာ ၁ရက်ကလည်း စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၊ မောင်းကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၉)ဦး သေဆုံးပြီး ပြည်သူ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

ဩဂုတ်လကုန်ပိုင်းကလည်း လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှု၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ရန်မျိုးအောင် ကျေးရွာနှင့် စော်ဘွားရေရှင်ကျေးရွာ နှစ်ရွာကြားရှိ ပြည်သူ့ဆေးရုံကို လေကြောင်းဖြင့် တိုက်ခိုက်မှုများ ရှိခဲ့သည်။ ကလေးမြို့ မြောက်ပိုင်း လေကြောင်း တိုက်ခိုက် မှု ဖြစ်စဉ်တွင် တော်လှန်ရေး ရဲဘော် ၁ဦး ကျဆုံးကာ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

စစ်ကောင်စီက ဆေးရုံဆေးခန်းများ၊ ကျောင်းများ၊ အရပ်သားပြည်သူတို့၏ နေအိမ်များ၊ ဈေးများ၊ ဘာသာရေးအ‌ဆောက်အအုံများ၊ လမ်းတံတားများအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ဒေသခံပြည်သူ များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ခိုင်မာစွာ လက်တွဲရပ်တည်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်ဟု ဖော်ပြသည်။

အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် ခိုင်းစေသူများ၊ အကြမ်းဖက်လေတပ်မှ တာဝန်ရှိသူများ၊ လေယာဉ်မောင်းသူများ၊ လေယာဉ်စက်ပစ္စည်းများနှင့် လေယာဉ်ဆီ ရောင်းဝယ်သူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ပြုလုပ်နေသည့် စစ်ရာဇဝတ်ကောင်များ၊ အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ပြီး တရားမျှတမှု ရရှိသည်အထိ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် အလေးအနက် တိုက်တွန်းလိုက်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်လက်၍ လက်တွဲဆောင်ရွက်နေပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားရမည်ဖြစ်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

မြန်မာနိုင်ငံ၏ အပြစ်မဲ့ပြည်သူများနှင့် ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူ တို့ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေကြောင်းလည်း ဖော်ပြခဲ့သည်။

စစ်ကောင်စီတပ်သည် ယနေ့ စက်တင်ဘာ ၇ရက် တွင်လည်း လေကြောင်းတိုက်ခိုက်မှု အချို့ ဆက်လုပ်လျက်ရှိပြီး မင်းတပ်မြို့နယ် တိုက်နယ်(၂)ဘက်တွင် ယနေ့ မနက်အစောပိုင်းက လေကြောင်း တိုက်ခိုက်ခဲ့ဟု မင်းတပ်ဒေသခံက အသိပေးထားသည်။

(နန့်ခမ်း၊ မြိုင်မြို့နယ်နှင့် ဖယ်ခုံမြို့နယ် ဘန်ကောက် စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်းများ။ ဓာတ်ပုံ – မြိုင် ပကဖ၊ CJ)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ချီဖွေ - ပန်ဝါလမ်းပိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့(BGF) တပ်စခန်းတစ်ခုကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက် ထပ်မံ သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။

သတင်း

ရန်ကုန်မြို့၌ သပိတ်ရဲဘော်လေးဦး ဖမ်းဆီးခံရပြီးနောက်ရက်တွင် အဆိုပါသပိတ်ရဲဘော်များနေထိုင်သည့် နေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း တကသကျောင်းသားဟောင်းများအင်အားစုမှ ကိုနန်းလင်းက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကြောင်းတစ်ခုလုံးတိုက်ခိုက်ခံရပြီး သေဆုံးခဲ့သော စစ်သားအလောင်း ၄၀နီးပါးအား စစ်ကောင်စီတပ်က လာမသယ်၍ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

သတင်း

ဘုတလင်တိုက်ပွဲတွင် ဗိုလ်မှူးဦးဆောင်သည့် ၈၅ ဦးပါ စစ်ကောင်စီစစ်ကြောင်း​တွင် သုံးဆယ်​ကျော်​သေဆုံပြီး ဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိကာလက်နက်မျိုးစုံ (၅၆) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းနိုင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)သတင်းထုတ်ပြန်သည်။

Trending

Facebook