ထားမြတ်/People’s Spring
၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က ရှမ်းပြည််နယ်မြောက်ပိုင်း၊တန့်ယန်းမြို့မြောက်ပိုင်းကို သိမ်းယူပြီး သံလွင်မြစ်ပေါ်ရှိ တရုတ် ရေကာတာ စီမံကိန်းများအတွင်း လမ်းခင်းပေးနေကြောင်း ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ Shan State Frontline Investment Monitor(SSFIM)က စက်တင်ဘာ ၅ရက်တွင် ထုတ်ပြန်သည်။
UWSAသည် ၂၀၂၄ခုနှစ် ဇူလိုင်လတွင် တန့်ယန်းမြို့သို့ဝင်ရောက်နေရာယူခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ဒုတိယပတ်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင် ၁၂ ဦးနောင်ဖာရေကာတာစီမံကိန်းနေရာသို့သွားရောက်လည်ပတ်နိုင်ရန် UWSAက ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
SSFIM၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး UWSA မှ တာဝန်ရှိသူတစ်ဦးအား မေးမြန်းရာ အချက်အလက်အမှားများဖော်ပြစွပ်စွဲမှုသာဖြစ်ကြောင်း ဖြေကြားပြီး အသေးစိတ် အခြေအနေများ ဖြေကြားခြင်းမရှိပေ။
နောင်ဖာရေကာသည် သံလွင်မြစ်ပေါ်တွင် တရုတ်ကုမ္ပဏီများမှတည်ဆောက်ရန် စီစဥ်ထားသည့်ရေကာတာများအနက် ရှမ်းပြည်နယ်အတွင်းမှ အကြီးဆုံးစီမံကိန်းတစ်ခုဖြစ်သည်ဟုဆိုသည်။
နှစ်ပေါင်းများစွာကတည်းကပင် မြန်မာပြည်တွင်းရှိ သံလွင်မြစ်တစ်လျောက်မှ ဒေသခံလူမှုအသိုက်အ၀န်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊နိုင်ငံရေး ပါတီများနှင့် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များသည်သံလွင်မြစ်၀ှမ်းတစ်လျောက်ရှိသန်းပေါင်းများစွာသော သက်ရှိများအတွက်မတိုင်းတာနိုင်သော လူမှုသဘာ၀ပတ်၀န်းကျင် ထိခိုက်မှုများဖြစ်နိုင်သဖြင့် သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်းများကိုဆန့်ကျင်ခဲ့ကြသည်ဟု SSFIMက ထုတ်ပြန်သည်။
နောင်ဖာရေကာတာနှင့်ပတ်သက်၍ တိကျသောစိုးရိမ်ချက်များတွင် ဆည်ရေလှောင်ကန်အတွင်းရှိ ရေအလေးချိန်ကြောင့်မြေငလျင်အန္တရာယ်ဖြစ်ပေါ်လာနိုင်ခြင်းလည်းပါ၀င်ကြောင်း ဖော်ပြထားသည်။
ရှမ်းပြည်အရှေ့မြောက်ပိုင်းသည်ငလျင်လှုပ်ခတ်မှု များပြားတတ်သောနေရာဖြစ်ပြီး ရေကာတာနေရာသည် များပြားသောပြတ်ရွေ့ကြောများအနီးတွင်တည်ရှိသည်ဟုဆိုသည်။
၂၀၀၄ ခုနစ်တွင် တရုတ်အစိုးရမှ တရုတ်ပြည်အတွင်းရှိ သံလွင် (နု)မြစ်ပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်း ၁၃ခုကို ဆိုင်းငံ့ခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ မြေငလျင်အန္တရယ်များကြောင့်ဖြစ်ပြီး မြစ်ကြောင်းမှာ အဓိကပြတ်ရွေ့ကြောများနှင့်အပြိုင် စီးဆင်းနေခြင်းဖြစ်ကြောင်းဖော်ပြသည်။
အခြားစိုးရိမ်စရာတစ်ခုမှာ ရေကြီးရေလျှံမှုများကြောင့် ဆည်မှရေများရုတ်တရက် စွန့်ထုတ်ရန်လိုအပ်လာပြီး မြစ်အောက်ပိုင်းတွင် အန္တရာယ်ရှိသော ရေလွမ်းမိုးမှုများကိုဖြစ်ပေါ်စေနိုင်ခြင်းဖြစ်သည်ဟုဆိုသည်။ ယခုနှစ်အတွင်းရှမ်းပြည်၏ မကြုံစဖူးရေလွမ်းမိုးမှုများမှာ ၄င်းစိုးရိမ်မှုကိုမီးမောင်းထိုးပြနေကြောင်း ဖော်ပြသည်။
တရုတ်အနေဖြင့် သံလွင်ရေကာတာစီမံကိန်းများအပေါ် လူထု၏ ဆန့်ကျင်ကန့်ကွက်မှုများကိုဂရုပြုကာ မြန်မာပြည် အရှေ့ပိုင်း၏ အဓိကအသက်သွေးကြောပေါ်တွင် ဆည်ဆောက်ရန်စီစဥ်နေမှုများကို လျင်မြန်စွာပယ်ဖျက်သင့်သည်ဟုလည်း တိုက်တွန်းထားသည်။
လက်ရှိ တရုတ်သမ္မတ ရှီကျင်းဖျင်သည် ဒုသမ္မတဘ၀ ၂၀၀၉ ခုနှစ်က နေပြည်တော်သို့ လာရောက်စဉ် Hydrochina နှင့် စစ်အစိုးရ၏ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တို့အကြား နောင်ဖာနှင့် မန်တုံ ရေကာတာစီမံကိန်းအတွက်နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၄ မေလ ၂၂ရက် ဦးသိန်းစိန်အစိုးရလက်ထက်တွင်စီမံကိန်းအတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်ဟုသိရသည်။
၂၀၁၆ ဩဂုတ် ၅ရက်တွင် တန့်ယန်းရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၉ စုမှ ဒေသခံများက နောင်ဖာရေကာတာ ကိုစုပေါင်း ဆန္ဒပြခဲ့သည်။ ၂၀၂၄ခုနှစ် ဩဂုတ် ၂၁ရက်တွင် SNLD လွှတ်တော်ကိုယ်စားလှယ် ၃ဦး အပါအဝင် ကွန်လုံ၊ တန့်ယန်း၊ လားရှိုး၊ သိန္နီမြို့များမှ ဒေသခံ ခေါင်းဆောင် ၆၀ ဦးတို့မှ နောင်ဖာ ရေကာတာကို ဆန္ဒပြခဲ့သည်ဟု SSFIMက ဖော်ပြသည်။