Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှုရှိ

စစ်ကောင်စီတပ်အရာရှိတစ်ဦးအပါအဝင် သေဆုံးမှုများ၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၈ ဦးကျဆုံး

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြိုနယ်သတင်းမှန်ပြန်ကြားရေး

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် တစ်လနီးပါးအတွင်း တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်အရာရှိတစ်ဦးအပါအဝင် အများအပြားသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၈ဦးလည်း ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဦးမြို့နယ်၊ မဒေါင်းလှကျေးရွာ ပျူစောထီးစခန်းအား သြဂုတ် ၁၈ရက်၊ ၁၉နှင့် ၃၁ရက်များတွင် တိုက်ခိုက်ခဲ့မှုနှင့် ခြေလျင်စစ်ကြောင်း တိုက်ခိုက်များအတွင်း စစ်ကောင်စီတပ် အရာရှိတစ်ဦး အပါအဝင် ၃၀ကျော် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၅ဦး ကျဆုံးခဲ့ရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြိုနယ်သတင်းမှန်ပြန်ကြားရေး

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ထို့အပြင် ယမန်နေ့(စက်တင်ဘာ ၁ဝရက်)ကလည်း မဒေါင်းကြီးနှင့် ရွှေကာကျေးရွာအနီး၌ စစ်ကောင်စီစစ်ကြောင်းက ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦးအား သတ်ဖြတ်သွားကြောင်း အထက်ပါအဖွဲ့က ပြောသည်။

“မနေ့မနက်က ဂျပို့ရယ်၊ ပေါက်သင်တုံရွာရယ်၊ စည်ပုတ္တရာရယ်၊ အဲသုံးရွာကို စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်တာ။ သုံးရွာစလုံး ပြိုင်ဝင်တယ်။ ပြိုင်ဝင်ပြီးတော့ မီးရှို့တယ်။ ရှို့တဲ့အနေအထားကို ကင်းထောက်တာ ကိုယ့်ဘက်ကနေပြီး။ သူတို့ထောက်တဲ့အချိန် ပြန်ဆုတ်တဲ့အချိန် ကင်းပုန်းနဲ့ ပက်ပင်းတိုးပြီး အပစ်ခံရတာ”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ကျဆုံးရဲဘော်များသည် ပကဖ၊ Local PDF တပ်ဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့၏ အသေးစိတ်အချက်အလက်များအား သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပေ။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြိုနယ်သတင်းမှန်ပြန်ကြားရေး

ထို့အပြင် စစ်ကောင်စီတပ်သည် သြဂုတ် ၃၁ရက်မှ ယနေ့ (စက်တင်ဘာ ၁၁ ရက်)အထိ ခင်ဦးမြို့နယ်အတွင်းရှိ ငကြိုင်း၊အင်ကြင်းပင်၊ပေါက်တော၊စောကြီး၊သနပ်စိန်၊တဲကြီး၊ဖန်းခါးကုန်း၊နှဲတွင်း၊မဒေါင်းကြီး၊ရွှေကာ၊ ပေါက်သင့်တုံ၊ဂျပို့၊စည်ပုတ္တရာ စသည့်ကျေးရွာ ၁၃ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

မဒေါင်းလှပျူစခန်းသိမ်းတိုက်ပွဲပြီးနောက် သြဂုတ် ၃၁ ရက်ကတည်းက ကန့်ဘလူမြို့နယ်ရှိ ဝါသဝလက်အောက်ခံပျူစောထီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၇၀ခန့်သည် ခင်ဦးမြို့နယ်နှင့် ကန့်ဘလူမြို့နယ်စပ်ရှိ ကျေးရွာများအား ယနေ့အထိ စစ်ကြောင်းထိုး မီးရှို့နေသည်။

ထို့အပြင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့ရာ တစ်လနီးပါးအတွင်း ပြည်သူတစ်ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၂၀ကျော်မှ ပြည်သူပေါင်း တစ်သောင်းကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဒေသခံများမှာလည်း မိုးစပါးစိုက်ပျိုးနိုင်ခြင်းမရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်များပြားလွန်းနေ၍ နေထိုင်စားသောက်ရေးအခက်အခဲများရှိနေကာ အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

အာဏာသိမ်းကာလ သုံးနှစ်ကျော်ကာလအတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပျက်စီးမှု တစ်သိန်းကျော်ရှိပြီး စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း၇၃,၁၁၄ လုံး ပျက်စီးဆုံးရှုံးခဲ့ကာ တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရသည့်အရေအတွက်၏ ၇၂ ရာခိုင်နှုန်းကျော်ရှိကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။