Connect with us

Hi, what are you looking for?

သတင်း

ဆုံးရှုံးနယ်မြေများပြန်ယူမည်ဟု စစ်ခေါင်းဆောင် ပြောဆိုပြီး စစ်ရေးနှင့်မဆိုင်သည့် အရပ်သားပစ်မှတ်များသာ လေကြောင်းတိုက်ခိုက်ဖျက်ဆီးနေဟု KNU ပြော

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဆုံးရှုံးနယ်မြေများ ပြန်ယူမည်ဟု ပြောဆိုပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ရာတွင် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းထက် အရပ်သားပစ်မှတ်များကိုသာ တိုက်ခိုက်နေ၍ ရက်ပိုင်းအတွင်း အရပ်သားအများစု အပါအဝင် လူဦးရေ ၁၀၀ကျော် သေဆုံးခဲ့ရဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဆုံးရှုံးနယ်မြေများ ပြန်ယူမည်ဟု ပြောဆိုပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ရာတွင် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းထက် အရပ်သားပစ်မှတ်များကိုသာ တိုက်ခိုက်နေ၍ ရက်ပိုင်းအတွင်း အရပ်သားအများစု အပါအဝင် လူဦးရေ ၁၀၀ကျော် သေဆုံးခဲ့ရဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

မင်းအောင်လှိုင်သည် စက်တင်ဘာ ၃ရက် တောင်ကြီးမြို့ခရီးစဉ်တွင် တိုင်းရင်းသားအဖွဲ့များ သိမ်းပိုက်နေရာယူထားသည့် မြို့ရွာများကို လိုအပ်သလို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုပြီးနောက် လေကြောင်း တိုက်ခိုက်မှုများကို ရှမ်းမြောက်၊ ရက္ခိုင်၊ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ကရင်စသည့် တို့ အပါအဝင် ဒေသအသီးသီး၌ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာခဲ့သည်။

” စစ်ကောင်စီ ခေါင်းဆောင်တစ်ယောက်ကနေပြီးတော့ တောင်ကြီးမှာ သူပြောသွားတဲ့အခါမှာတော့ သူဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ပြီးတော့ တိုက်ခိုက်သိမ်းပိုက်မယ်၊ ထိုးစစ်ဆင်မယ်ဆိုတာ ပြောသွားတယ်လေ။ ဒါပေမဲ့ လက်တွေ့မှာ ဒီကနေ့ လုပ်ဆောင်နေတဲ့ဟာတွေက အဲဒီလို စစ်ရေးပစ်မှတ်တွေကို လုပ်ဆောင်တာ မဟုတ်ဘဲနဲ့ အရပ်သားပစ်မှတ်တွေကို လိုက်ပြီးတော့ တိုက်ခိုက်ဖျက်ဆီးနေတာ ဆယ်ဂဏန်းမကဘူး ရာဂဏန်းအထိတောင် ရောက်လာပြီဆိုတာ ဒါက ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ အဲဒါ ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် စစ်ရာဇဝတ်မှုကို ကျူးလွန်ပြီးရင်း ကျူးလွန်နေတဲ့ဟာ မြင်နေရပါတယ်။ သူက ပြောင်ပြောင်တင်းတင်းကို ချိုးဖောက်ပြီးတော့ လုံး၀ သူဘာဆို ဘာမှဂရုမစိုက်ဘဲ သူက ကိုယ့်သေတွင်းကိုယ်တူးနေတဲ့ အနေအထားတစ်ခုကို ရောက်သွားနေပြီလို့ပဲ သုံးသပ်ပါရစေ”ဟု ပဒိုစောတောနီးက ပြောသည်။

Public Service Announcement

Public Service Announcement

နမ့်ခမ်းမြို့ကို စစ်​ကောင်စီတပ်က စက်တင်ဘာ ၆ ရက်ကဗုံးကြဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ထိုသို့ စစ်ကောင်စီက ထင်ရာမြင်ရာဖြင့်မည် သည့်အရာကိုမှ ဂရုမစိုက်ဘဲ လူထုကို တိုက်ခိုက်သတ်ဖြတ်နေသည့် အခြေနေတွင် ပြည်သူများကလည်း တက်နိုင်သည့်နည်းဖြင့် ရှောင်တိမ်းကြရန် ၎င်းက တိုက်တွန်းသည်။

” လူထုအပေါ်ကို မီးလောင်တိုက်သွင်းပြီး လုပ်ချင်ရာလုပ် သတ်ချင်ရာသတ်လုပ်နေတဲ့ဟာတွေကိုတော့ ပြည်သူလူထုအနေနဲ့ ကိုယ့်တက်နိုင်သလောက်နည်းလမ်းတွေနဲ့ ကိုယ့်ဟာကိုယ်ပဲ ကြံဖန်ပြီးတော့ ရှောင်တိမ်းရမယ့် သဘောတော့ရှိပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေအနေနဲ့လည်း ဒီထက်ပို လက်လှမ်းမမီနိုင်ဘူးဆိုတာ ရိုးရိုးသားသားပဲ ပြောပါရစေ။ လူထုအတွက် ကာကွယ်ရေးဘက်မှာ အများကြီး လိုအပ်နေပါတယ်။ ဒါပေမဲ့ ဒီအချိန် ဒီကာလမှာ ကျနော်တို့ ဘယ်လိုပဲ နိုင်ငံတကာနဲ့ ထိတွေ့တယ်ပဲ ပြောပြော အဲဒီဘက်မှာ အလျင်အမြန်နဲ့ ရဖို့ မလွယ်သေးတဲ့အပေါ် မှာ လူထုက ကိုယ့်နည်းကိုယ့်လမ်းနဲ့ပဲ သတိရှိရှိ ဝိရိယ ရှိရှိနဲ့ပဲ မျက်စိရှင်ရှင် နားရှင်ရှင်နဲ့ပဲ ရှောင်တိမ်းကြပါ”ဟု ပဒိုစောတောနီးက ပြောသည်။

စစ်ကောင်စီအနေဖြင့် သေမထူး၊နေမထူး အချိန်အခါ ရောက်နေပြီဖြစ်၍ စစ်ရာဇဝတ်မှု ကျူးလွန်မှုများ တိုး၍လုပ်ဆောင်လာနေသည်ဟု ပဒိုစောတောနီးက ပြောသည်။

” သူက လုပ်ချင်ရာလုပ် စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုလည်း ဒီထက်နက်သထက် နက်တဲ့ ပြစ်မှုတွေကို ကျူးလွန်ပြီးရင်း ကျူးလွန် နေတဲ့ အနေအထားမှာ ရှိနေပါတယ်။ အဲဒါကြောင့်မို့လို့ သတိရှိရှိနဲ့ ရှောင်ကြတိမ်းကြပါလို့ ပြောချင်ပါတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ

စစ်ကောင်စီက ယခုကဲ့သို့ လူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် လူထု၏ အမုန်းတရားကို ပိုခံစားရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောကြားထားသည်။

စစ်ကောင်စီအနေဖြင့် ကြည်းတပ်၊ ရေတပ်က တိုက်ခိုက်နိုင်စွမ်းမရှိ၍ လေတပ် အားကိုးပြီး ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့ အုပ်ချုပ်၍မရပါကတိုင်းရင်းသားများလည်း အုပ်ချုပ်ခွင့်မရစေရ ဆိုသည့်သဘောမျိုး မြို့ရွာ၊ စာသင်ကျောင်းများ၊ စသည့် အရပ်သားပစ်မှတ်များကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဦးဖေသန်းက ပြောသည်။

ရက္ခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ရာတွင် AAဖမ်းထားသည့် စစ်ကောင်စီ စစ်သုံ့ပမ်းများစွာအပါအဝင် အကျဉ်းသားများ သေဆုံးခဲ့သည်။ ပေါက်တောမြို့နယ်နှင့် မောင်တောမြို့နယ် လေကြောင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီအရာရှိ စစ်သုံ့ပန်းအပါအဝင် စစ်သုံ့ပန်ူများ၊ အခြား အကျဉ်းသားများ စုစုပေါင်း ၆၀ ခန့်သေဆုံးကာ အရပ်သားများစွာလည်း သေဆုံးခဲ့ရသည်။

ထိုသို့ AA၏ အကျဉ်းစခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြန်လည်သတ်ဖြတ်သည့် စစ်ကောင်စီ၏ လုပ်ရပ်သည် ယခင် ၎င်းတို့ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ဖုံးဖိရန်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံ့ပမ်းများအား နှုတ်ပိတ်ရန် ဖြစ်နိုင်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

(ယခုရက်ပိုင်းအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် တော်လှန်ပြည်သူများက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၇) နံနက်က လှုံ့ဆော်ဆန္ဒပြခဲ့သည်။

သတင်း

ရွှေကျင်တိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သတင်း

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ​ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီ ကောက်ယူမယ့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့ ယနေ့ (အောက်တိုဘာ ၆) မှာ အသီးသီး လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

Facebook