Connect with us

Hi, what are you looking for?

သတင်း

ရက္ခိုင်တွင် သိမ်းရန်ကျန်နေသည့်မြို့ ၈မြို့ သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေဟု AA အသိပေး

ပလက်၀နှင့် ရက္ခိုင် ၁၀မြို့နယ်ကို သိမ်းပိုက်ထားပြီး မြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူပိုင် ရွှေငွေ ပစ္စည်းများကို ရှာဖွေကာ ပိုင်ရှင်ထံပြန်ပေးအပ်ခဲ့ဟု ထုတ်ပြန်

ဟန်နွေ/People’s Spring

ရက္ခိုင်ပြည်နယ်အတွင်းကျန်နေသည့် မောင်တောမြို့ အပါအဝင် မြို့ ၈မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ချင်းပြည်နယ် ပလက်၀ မြို့နယ်နှင့် ရက္ခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ခုကို AAက သိမ်းပိုက်ထားပြီးဖြစ်သည်။ အာရက္ခဒေသအတွင်းမှ မြို့များဖြစ်ကြသော ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြို့များကို သိမ်းပိုက်ပြီးဖြစ်သည်ဟု အသိပေးသည်။

AAသည် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်တွင် စစ်ကောင်စီတပ်များကိုတိုက်ခိုက်သည့် စစ်ဆင်ရေးကို စတင်ခဲ့ရာ စက်တင်ဘာ ၁၃ရက်တွင် ၁၀လပြည့်ခဲ့ပြီဖြစ်စပြီး အဆိုပါကာလအတွင်း အထက်ပါမြို့များကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” စစ်ရေးအခြေအနေက ၁၀လ အတွင်းမှာ ၁၀ မြို့လို့ ပြောလို့ရမှာပေါ့။ ပလက်၀ အပါအဝင် ၁၁မြို့ပေါ့။ပြီးတော့ နယ်ခြားစောင့်စခန်းတွေရော ဗျူဟာကုန်းတွေရော စခန်းတွေပေါ့ မြို့တွေရှိသေးတယ် မအီတို့လို၊ ကန်ထောင်ကြီးမြို့လို ၊ဆမီးမြို့လို အဲဒီလို မြို့တွေလည်း ရှိသေးတယ်ဆိုတော့ မြို့နယ်ကတော့ ၁၁မြို့နယ် သိမ်းလိုက်ပြီ။ စခန်းပေါင်း ရာချီပြီး တော့ သူတို့ သိမ်းတယ်။ အခုလောဆယ် တိုက်နေတဲ့ မောင်တောမြို့တို့ ဂွမြို့တို့ ရှိနေတာပေါ့ ။ပြီးတော့ ၀ိုင်းပတ်ပိတ်ဆို့ထားတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း အဲဒီလို မြို့ကြီးတွေလည်း ရှိသေးတယ်။ အချိန်တိုအတွင်းမှာ စခန်းကြီးတွေရော မြို့ကြီးတွေရော ဒီလောက်သိမ်းနိုင်တယ်ဆိုတာ သူတို့ရဲ့ စစ်ရေးအရှိန်က တော်တော့်ကို မြန်တယ်လို့ ပြောလို့ရတယ်” ဟု ရက္ခိုင်ပြည်နယ် မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။

လက်ရှိတွင် မောင်တောမြို့ကို အပြီးသတ်သိမ်းနိုင်ရန်လည်း နီးစပ်နေပြီး တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များအားလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေကြောင်း AAက ထုတ်ပြန်သည်။

” ရှေ့ဆက်ပြီးတော့လည်း မောင်တောလို မြို့က ကျလုကျခင်ဖြစ်နေပြီ။ အခြားပိတ်ဆို့ထားတဲ့ မြို့တွေလည်း အပြင်ကို ထွက်လို့မရအောင်ကို သူတို့က လှောင်ပိတ်နေတဲ့ အနေအထားမျိုးရှိတယ်။ ဒါကြောင့် ဒီလို မြို့တွေကတော့ စစ်တွေမြို့ဆိုရင်လည်း ပြည်နယ်ရဲ့မြို့တော်၊ အမ်းဆိုရင်လည်း နပခ ဌာနချုပ်၊ ကျောက်ဖြူဆိုရင်လည်း တရုတ်စီမံကိန်းတွေ ရှိတဲ့နေရာ ဒီသုံးမြို့ကတော့ သူတို့ အချိန်ယူပြီး တိုက်လိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ဘက် အကျအဆုံးနည်းအောင်ပေါ့။ ပိတ်မိနေတဲ့ ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရမှု မရှိအောင်။ ဒီသုံးမြို့ကတော့ အင်နဲ့ အားနဲ့ တိုက်ရမှာ ဆိုတော့ဒါက အချိန်ယူပြီး တိုက်လိမ့်မယ်”ဟု ဦးဖေသန်းက ပြောသည်။

သို့ရာတွင် AA ကြေညာထားသည့်အတိုင်း ၂၀၂၅ တွင် ရက္ခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကင်းစင်အောင် တိုက်နိုင်လိမ့်မည်ဟု ယူဆကြောင်းလည်း ဦးဖေသန်းက ပြောသည်။

” အာရက္ခဒေသတစ်ခုလုံး ဖက်ဆစ်စစ်ကောင်စီတပ်ကင်းစင်ရေးသည် မိမိတို့၏ ပထမဆုံးသော စစ်ရေး ရည်မှန်းချက်ဖြစ်သည့်အပြင် မြန်မာတစ်နိုင်ငံလုံးမှ အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေး ရည်မှန်းချက်လည်းဖြစ်လိမ့်မည်ဟု မိမိတို့ အပြည့်အဝယုံကြည်ပါသည်” ဟုလည်း AAက ထုတ်ပြန်သည်။

AA အနေဖြင့် မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင် ရာ၌ ပြည်သူလူထုတို့၏ အခြေခံတိုက်တာအဆောက်အအုံ၊ လူနေအိမ်၊ အရပ်သားပြည်သူလူထုများကို အထိအခိုက်၊ အပျက်အစီး မရှိစေရန် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် အလေးထား ဂရုပြုဆောင်ရွက်လေ့ရှိသော်လည်း ဖက်ဆစ်စစ်ကောင်စီသည် ပြည်သူလူထုများ၏ လူနေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကျောင်းကန်၊ တန်ဆောင်း၊ သာသနိကအဆောက်အအုံများအပြင် ယခင်အစိုးရ အဆက်ဆက်လက်ထက် အသုံးပြုခဲ့ကြသော ဌာနဆိုင်ရာ အသီးသီးတို့၏ အဆောက်အအုံများကို တိုက်ပွဲများအတွင်း၌သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေ့ရက်များ၌ပါ လက်နက်ကြီးများဖြင့် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းများမှ ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။

AA သိမ်းပိုက်ရရှိထားပြီးဖြစ်သော မြို့များတွင် အချို့မြို့များ၌ မြို့တွင်းတိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အချို့မြို့များ၌ မြို့တွင်းတိုက်ပွဲ အနည်းငယ် သာရှိခဲ့ကြောင်း၊ ထိုအထဲတွင် မြို့တွင်းတိုက်ပွဲ ပြင်းထန်ခဲ့သော ပေါက်တော၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တောမြို့ (နခခ-၅ တစ်ခုတည်းသာကျန်) များ၌ တိုက်ပွဲကာလများအတွင်း လူနေအဆောက်အအုံ ပျက်စီးမှုပိုမိုများပြားခဲ့ဟု အသိပေးသည်။

စစ်ကောင်စီသည် အဆိုပါမြို့များမှ ဒေသခံ မြို့သူ၊မြို့သားများကို လူသားဒိုင်းကာများအဖြစ်အသုံးပြုကာ ခံစစ်များပြုလုပ်၍ ခုခံကာကွယ်ခဲ့ကြကြောင်း၊ ထို့အပြင် လူနေအိမ်၊ တိုက်တာ အဆောက်အအုံအများစုမှာလည်း ဖက်ဆစ်စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုများကြောင့် ပျက်စီးရသည်က ပိုများခဲ့ကြောင်း ဖော်ပြသည်။

မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း အစရှိသော မြို့များမှ ဒေသခံပြည်သူလူထုများမှာ တိုက်ပွဲမဖြစ်ခင်ကတည်းက တိုက်ပွဲလွတ်ရာနယ်မြေများသို့ ကြိုတင်ရှောင်ရှားနိုင်ခဲ့ခြင်းကြောင့် အသက်၊ အန္တရာယ်ဆုံးရှုံးမှုများ လျော့နည်းခဲ့ရသည်ဟုဆိုသည်။

အခြားတစ်ဖက်တွင် ဤကဲ့သို့ ကြိုတင်တိုက်ပွဲရှောင်နိုင်ခဲ့ ခြင်းကြောင့် အဆိုပါမြို့များမှ ဒေသခံပြည်သူလူထုများသည် ၎င်းတို့ပိုင်ဆိုင် သော ဆိုင်ကယ်၊ ကား၊ မီးခံသေတ္တာ၊ အစရှိသော လေးလံပြီး ရွှေ့ပြောင်းသယ်ယူရန် အဆင်မပြေသော ထုထည်ကြီးပစ္စည်းများ၊ လုံခြုံရေးအရ မယူဆောင်ဘဲ မိမိအိမ်တွင် ဝှက်ထားချန်ရစ်ခဲ့သော ရွှေ၊ ငွေ အချို့တို့သည် တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရ သည်သာမက ပျောက်ဆုံးမှုများရှိကြသည်များကို စိတ်မကောင်းဖွယ် ကြားသိရကြောင်း AAက ထုတ်ပြန်သည်။

ထို့အတူ ဒေသခံပြည်သူတချို့၏ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများမှာ တိုက်ပွဲများအတွင်း နှင့် တိုက်ပွဲများ ပြီးဆုံးသည့်အချိန်တွင် ပျောက်ဆုံးမှုများ ရှိခဲ့သည်ကို ကာယကံရှင်များ၏ တိုင်တန်းချက် ၊ AAထောက်လှမ်းရေးတပ်၏ စုံစမ်းချက်အရ သိရကြောင်း ဖော်ပြသည်။

ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ခိုးမှုများကိုကျူးလွန်ခဲ့သောသူများအား သေချာစွာ စုံစမ်းစစ်ဆေးပြီး အပြစ်ကျူးလွန်ခဲ့ကြောင်း ထင်ရှားသောသူများကို ထိုက်တန်သောအပြစ်များပေး၍ အရေးယူထားပြီး ဖြစ်သကဲ့သို့ ခိုးယူထားသောပစ္စည်းများကို ပြန်လည်သိမ်းဆည်းရမိပါက ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ပေးအပ်ထားခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်သည်။

ထို့ပြင် မပြီးပြတ်သေးသော ပျောက်ဆုံးမှုများကို ဆက်လက် စစ်ဆေးနေဆဲဖြစ်သည့်အပြင် တချို့သောနေရာများ၌ ပိုင်ရှင်များဝှက်ထားခဲ့သော ရွှေ၊ ငွေ အစရှိသော အဖိုးတန် ပစ္စည်းများကို AA တပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေပြီး တွေ့ရှိပါက ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ပြီးဖြစ်ဟု ဖော်ပြသည်။

ကျိန္တလီမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဘုရားကျောင်းပိုင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာပစ္စည်းတို့အား အသင်းတော်သူ/သားများမှ ဝှက်ထားခဲ့သည်ကို AA တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေပြီးတွေ့ရှိခဲ့၍ ယင်းပစ္စည်းများကို ကာယကံရှင်များလက်ထဲသို့ ကောင်းမွန်စွာ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ပြီး ဖြစ်ဟု အဆိုပါ ဖြစ်စဉ်ကို ဥပမာအနေဖြင့် ဖော်ပြသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏ အဖိုးတန်ပစ္စည်းများ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများသည် တိုက်ပွဲအတွင်း ရှာဖွေ၍မရအောင် ပျက်စီးဆုံးရှုံးသွားခြင်းမျိုးမဟုတ်ဘဲ အိမ်တွင်သိမ်းဆည်းထားခဲ့ခြင်း၊ ဝှက်ထားခဲ့သောပစ္စည်းများကို တွေ့ရှိခြင်းမရှိပါက သက်ဆိုင်ရာ ဒေသ၊ နယ်မြေ အုပ်ချုပ်ရေးမှူး များထံတွင် မှန်မှန်ကန်ကန် သတင်းပေးပို့ကြစေလိုသည်ဟုလည်း ဖော်ပြထားပြီး သတင်းများပေးပို့ကြရန်လည်း တိုက်တွန်းထားသည်။

အာရက္ခတပ်တော်သည် တိုက်ပွဲများအတွင်း လိုက်နာကျင့်သုံးရမည့် အာရက္ခစစ်သည်တော် ကျင့်ဝတ်များ နှင့် ပြည်သူလူထုနှင့် ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရမည့် ဝတ္တရားများကို တိကျစွာ ပြဋ္ဌာန်းထားပြီး လိုက်နာကျင့်သုံးကြရန် အဆင့်ဆင့်ညွှန်ကြားထားပြီးဖြစ်ကြောင်း ထုတ်ပြန်သည်။

သို့ရာတွင် မိမိတို့၏ တပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်းအချို့တို့သည် လုပ်ပိုင်ခွင့်၊ အာဏာတို့ကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာများကို ယူသုံးခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် အဆိုပါ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် ပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးဌာနကိုဖွဲ့စည်းကာ တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူပြီး ဌာနကို တိုးချဲ့ဖွဲစည်းသွားမည် ဖြစ်သည်ဟုလည်း ထုတ်ပြန်သည်။

ထို့အပြင် ပြည်သူလူထုများနှင့် ပူးပေါင်းပြီး ပိုမိုလုံခြုံစိတ်ချရသော အနေအထားမျိုး ရရှိလာစေရန်အတွက်ကိုလည်း ယခုထက်ပိုမို အားစိုက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျိန္တလီဒေသရှိ စခန်း ၂ခုအသိမ်းခံရသည့် စစ်ကောင်စီတပ်က ချောင်းကူးတံတားဖျက်ဆီးပြီး ဂွမြို့ဘက်ဆုတ်ခွာ၊ တောင်ကုန် စကခ(၅) လက်အောက်ခံတပ်ရင်းများ အပြီးသတ်သိမ်းယူနိုင်ရေး ဆောင်ရွက်နေဟု အသိပေး

သတင်း

ARSA နှင့် RSO တို့ထံမှလက်နက်ခဲယမ်းများသိမ်းဆည်းရရှိပြီး ၎င်းတို့၏ လက်နက်ခဲယမ်းအများစုမှာ စစ်​ကောင်စီကတပ်ဆင်​ပေးထားခြင်းဖြစ်​နေ

သတင်း

စစ်ကောင်စီက ဂွ- ကျိန္တလီမြို့ကြားရှိ ကျိန္တလီချောင်းကူးတံတားကိုဖျက်ဆီးထွက်ပြေး

သတင်း

အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)အနီး၌ တိုက်ပွဲပြင်းထန်နေသလို ဧရာဝတီတိုင်းနှင့် နယ်စပ်ဖြစ်သော ဂွမြို့နယ်၌လည်း တိုက်ပွဲဖြစ်နေသည်။

Facebook