Connect with us

Hi, what are you looking for?

သတင်း

၂၀၂၄ ခုနှစ် သဘာဝပတ်ဝန်းကျင်စွမ်း​ဆောင်မှုဆိုင်ရာညွှန်းကိန်း မြန်မာ​​အောက်ဆုံးအဆင့် ၄ တွင်ရပ်တည်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်စွမ်းဆောင်မှုဆိုင်ရာညွှန်ကိန်း(EPI)သည် ဆိုးရွားနေပြီး ယခုနှစ် ၂၀၂၄ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၇ တွင် ရပ်တည်နေကာ နောက်ဆုံးမှ​ရေတွက်လျှင် အဆိုးဆုံး အဆင့် ၄ ဖြစ်​နေသည်။

အီယိုရီ/People’s Spring

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်စွမ်းဆောင်မှုဆိုင်ရာညွှန်ကိန်း(EPI)သည် ဆိုးရွားနေပြီး ယခုနှစ် ၂၀၂၄ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၇ တွင် ရပ်တည်နေကာ နောက်ဆုံးမှ​ရေတွက်လျှင် အဆိုးဆုံး အဆင့် ၄ ဖြစ်​နေသည်။

ဒီမိုကရေစီနည်းကျရွေးကောက်ခံ အရပ်သားအစိုးရကို လက်နက်အားကိုးဖြင့် အာဏာသိမ်းခဲ့သော စစ်ကောင်စီသည် လိုအပ်ချက်များရှိသော တိုင်းပြည်၏ ကဏ္ဍများအတွက် ဖြည့်ဆည်းလုပ်ဆောင်ခြင်းမရှိဘဲ ၎င်း၏ အာဏာတည်မြဲရေးအတွက်သာ စစ်ရေးအသုံးစရိတ်ကိုသာ အဆမတန်တိုးချဲ့နေခြင်းကြောင့် ယခုကဲ့သို့ ရေဘေးကျရောက်လာချိန်တွင် ပြည်သူလူထုအတွက် မည်သည့်ကာကွယ်မှု၊ ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်အချို့က သုံးသပ်ကြသည်။

Public Service Announcement

Public Service Announcement

“အရင်အစိုးရ(NLD အစိုးရ)က ချသွားတဲ့အပေါ်မှာ လုပ်ဖို့ လူအင်အားရော၊ နည်းပညာအင်အားရော၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလည်း မရှိဆိုတော့ ဆိုးတာပေါ့။ အရင်တုန်းက ဆိုးရင်တောင်မှ အောက်မှာ ပြည်သူတွေက ညီညီညွတ်ညွတ် လုပ်နိုင်တဲ့ ပြည်သူမှ ပြည်သူ ကူညီတာလည်း ရှိတယ်။ အခုကတော့ ပြည်သူလူထုက အထွေထွေ အကျပ်အတည်းကို ရင်ဆိုင်နေရတော့ သူ့မကယ်နိုင်၊ ကိုယ့်မကယ်နိုင်တွေလည်းဖြစ်တယ်။ ဒါတောင် တတ်နိုင်သလောက် ပြည်သူတွေက လိုက်လုပ်နေတာပဲလေ။ ဆိုတော့ အရာရာက အရင်ကထက်စာရင် ကျဆင်းနေတာဖြစ်တဲ့အတွက် စောနက ပြောတဲ့ report (EPI) မှာ မြန်မာပြည် အောက်ဆုံးနားရောက်နေတာ မထူးဆန်းဘူးလို့ ထင်ပါတယ်” ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင် ဦးဝင်းမျိုးသူက ပြောသည်။

Yale center for environmental law and policy ကပြုစုထုတ်ပြန်​သော ၂၀၂၄ ခုနှစ် EPI အစီရင်ခံစာတွင် စစ်အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံသည်် အောက်ဆုံးမှ စရေတွက်လျှင် အဆင့် ၄ ဖြစ်ပြီး နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာ၏ အောက်တွင် လာအို၊ ပါကစ္စတန်နှင့် ဗီယက်နမ်တို့ သုံးနိုင်ငံသာ ကျန်ရှိသည်။ EPI က သတ်မှတ်သော အမှတ် ၁၀၀ အနက် မြန်မာနိုင်ငံသည် ရမှတ် ၂၆.၉ မှတ်သာ ရရှိပြီး ဒေသတွင်း(အာရှ-ပစိဖိတ်ဒေသ)တွင် မြန်မာအောက်တွင် လာအိုနှင့် ဗီယက်နမ် နှစ်နိုင်ငံသာကျန်ရှိသည်။

၂၀၂၄ ခုနှစ် EPI ညွှန်းကိန်း

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သား အစိုးရလက်ထက် ၂၀၁၈ ခုနှစ် EPI အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ရမှတ် ၄၅.၃၂ မှတ်ဖြင့် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၃၈ အထိ ရရှိခဲ့ဖူးသည်။ ထို့အပြင် အရပ်သား အစိုးရလက်ထက်တွင် နိုင်ငံလုံးဆိုင်ရာ Climate Action Plan ကို ဖော်ထုတ်တွက်ချက်ခဲ့ကာ ယင်းအစီအစဥ်ထဲတွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးအပိုင်း၊ သဘာဝဘေးကြုံလာရပါက တာဝန်ယူကယ်ဆယ်နေရာချထားရေးအပိုင်း စသည်တို့ကို ထည့်သွင်းရေးဆွဲကာ လူကယ်ပြန်ဝန်ကြီးဌာနကလည်း သဘာဝဘေးတုန့်ပြန်ရေးအတွက် ဘတ်ဂျက်များစွာ သုံးစွဲခဲ့သည်။

“အခုအဲဒါတွေက အကုန်လုံးရပ်ဆိုင်းသွားတာလေ။ ဘာမှကို မရှိတော့တာ။ ဘယ်ရောဂါမဆို ကြိုတင်ကာကွယ်မှ အဆင်ပြေမှာလေ။ ဖြစ်တော့မှ ထအော်နေလို့ မရတာ” ဟု အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ The George Washington University ဧည့်ပညာရှင် ဦးဝင်းမျိုးသူက ပြောသည်။

မြန်မာ့အရေးသုတေသီ ဒေါက်တာအက်ရှ်လေဆောက်သ်ကလည်း ဧရာဝတီသတင်းဌာနနှင့် ဇူလိုင်တွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ကမ္ဘာတဝှမ်း အစိုးရများက ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ အလေးအနက်ထားဖြေရှင်းဆောင်ရွက်လာကြသော်လည်း မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စုက ပြည်သူများကို သတ်ဖြတ်နေကြောင်း ထောက်ပြထားသည်။

“စစ်အုပ်စု အာဏာဆက်ရှိနေရင် မြန်မာ့သဘာဝသယံဇာတတွေ အလျင်အမြန် ပျက်စီးဆုံးရှုံးသွားနိုင်ပြီး ရာသီဥတုဖောက်ပြန်ရေးလျော့ပါးရေးလုပ်ဆောင်ချက်တွေအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိလာမှာကို ကျနော်စိုးရိမ်မိပါတယ်။ ဒါဟာမြန်မာနိုင်ငံအတွက်သာမက အရှေ့တောင်အာရှဒေသနဲ့ ကမ္ဘာကြီးအတွက်ပါ ဆိုးရွားစေမယ့် ကိစ္စရပ်တစ်ခုဖြစ်ပါတယ်” ဟု မြန်မာ့အရေးကို နှစ်ပေါင်း ၃၀ ကြာ စောင့်ကြည့်လေ့လာခဲ့သူ ဒေါက်တာအက်ရှ်လေဆောက်သ်က ဆိုသည်။

ဆက်လက်ပြီး ၎င်းက “စစ်အုပ်စုအနေနဲ့က သူတို့က ငွေလိုတယ်။ ပြီးတော့ မြန်မာပြည်ရဲ့ ရေရှည်သာယာဝပြောရေးကို ဂရုစိုက်ပုံလည်းမပေါ်ဘူး။ သူတို့လုပ်ရပ်တွေကို ကြည့်တာနဲ့ ကျွန်တော်တို့ သိနိုင်ပါတယ်”ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ရာသီဥတုအန္တရာယ်နှင့် ပတ်သက်၍ ပညာရှင်များက သဘာဝဘေး နှင့် အကာအကွယ်မဲ့မှုဟူ၍ နှစ်ပိုင်းခွဲခြားထားကာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် သဘာဝဘေးမှာ တားဆီးမရဘဲ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း စသည်တို့ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံအစိုးရများကမူ အကာအကွယ်မဲ့မှုမဖြစ်ပေါ်စေရန် ပြင်ဆင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှုမြင်ထားကြသည်။

“အကာအကွယ်မဲ့မှုကို နည်းအောင် လုပ်နိုင်သမျှ နည်းအောင်လုပ်မှဆိုတော့ အကာအကွယ်မဲ့မှုထဲမှာ စောနက ပြောတဲ့ နိုင်ငံက စီးပွားရေးတောင့်တင်းတာ၊ အစိုးရအုပ်ချုပ်ရေး ကောင်းတာ၊ လမ်းပန်းဆက်သွယ်ရေးကောင်းတာ၊စသဖြင့် ဒီလိုအချက်အလက်တွေပိုင်းမှာ တအားအားနည်းသွားပြီလေ။ ဒါကြောင့်မို့လည်း စောနကပြောတဲ့ ပတ်ဝန်းကျင်ဆိုင်ရာဆောင်ရွက်မှုမှာပဲ ဖြစ်ဖြစ်၊ climate ဆိုင်ရာ ဆောင်ရွက်မှုမှာပဲဖြစ်ဖြစ် ကျွန်တော်တို့က အောက်ဆုံးအဆင့်ကို ရောက်နေတာ” ဟု ဦးဝင်းမျိုးသူက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်း၏အာဏာတည်မြဲရေးအတွက်သာ လုပ်ဆောင်နေကာ ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်မှုမရှိသကဲ့သို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလည်း လုပ်ဆောင်ခြင်းမရှိသဖြင့် စက်တင်ဘာ ၁၂-၁၃ နှစ်ရက်အတွင်း မြန်မာပြည်အလယ်ပိုင်း၌ပင် ရေဘေးသင့်ပြည်သူ ရာဂဏန်း အသက်ဆုံးရှုံးခဲ့ရပြီး အိုးအိမ်ပျက်စီး ဘေးဒုက္ခရောက်ရသူ သိန်းနှင့်ချီရှိနေသည်။

“လာမယ့်နှစ်တွေအတွင်းလည်း ဘာမှ မပြင်ဆင်နိုင်ဘူး။ ဖြစ်လာတော့မှ ဖုတ်ပူမီးတိုက် လုပ်ကြ။ တတ်နိုင်တာ ကူညီကြမယ်။ ဒီလိုပဲ လည်သွားမယ်ထင်ပါတယ်။ နောက် ၄-၅-၆ နှစ် ဒီလိုပဲသွားမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီသဘာဝပတ်ဝန်းကျင်ဆိုင်ရာက ရင်းနှီးမြှပ်နှံမှု ကြီးတာကိုး။ တကယ်လို့ အခုရှိနေတဲ့ စစ်အာဏာရှင် ပယ်သွားတောင်မှ ပြန်ပြီးကောင်းအောင် လုပ်နိုင်ဖို့ဆိုတာ နောင် တက်လာမယ့် အစိုးရတွေအတွက် အခက်အခဲတွေ ရှိဦးမယ်လို့ ရှုမြင်သုံးသပ်ပါတယ်” ဟု သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးဝင်းမျိုးသူက ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

ထိုင်းနိုင်ငံ၊အလုပ်သမားကာကွယ်ပေးရေးကွန်ရက်(LPN)တည်ထောင်သူ ဆွန်ပေါင်ဆကဲယောက် နဲ့မေးမြန်းခန်း

သတင်း

ကူကီ ကျောင်းသားများ အဖွဲ့ချုပ် (KSO)က အခြေအမြစ်မရှိ စွပ်စွဲပြောဆိုခဲ့တဲ့ အဲဒီ အရာရှိကို ရာထူးက နုတ်ထွက်ပေးဖို့​တောင်းဆို

ဘာသာပြန်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၁ ရက်မှာ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းလိုက် ပြီးကတည်းက အလုပ်သမားတွေ၊ စစ်ရှောင်တွေ၊ နိုင်ငံရေး ခိုလှုံသူတွေနဲ့ တခြားသော လုံခြုံမှု အားလျော့တဲ့ အစုအဖွဲ့တွေက ထိုင်းနယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်မှုဟာ သိသိသာသာကြီး ထိုးတက်လာခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် ပျက်စီးခဲ့တဲ့ အမှတ် ၁ အာရှ လမ်းမကြီးရဲ့ လမ်းပိုင်းနေရာတွေကို မြန်မာဖက်မှာ တိုက်ပွဲဖြစ်နေတဲ့ အစုအဖွဲ့ အသီးသီးနဲ့ ညှိနှိုင်းပြီး ပြုပြင်သွားလိုကြောင်း ထိုင်းအစိုးရက ပြောပါတယ်။