ဩဂုတ်−၁၃၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မှာ ချင်းဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ CDF-KKG ရဲ့ ရဲဘော် ၂ဦးနဲ့ အရပ်သား ၁ဦး လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
အဲဒီဖြစ်စဉ်က တော်လှန်ရေးအစုအဖွဲ့တွေများတဲ့ ဂန့်ဂေါမြို့နယ်မှာ ၅လအတွင်း ၂ကြိမ်မြောက်လက်နက်နဲ့ ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပါတယ်။
မနေ့က(ဩဂုတ် ၁၂ ရက်)ည ၁၁ နာရီခန့်မှာ ပိတောက်ကုန်းနဲ့ရှုံးရှီကြားတည်ရှိတဲ့ ရာဇမုနိဘုန်းကြီးကျောင်းကုန်းအနီးမှာ ဖြစ်ခဲ့ပြီး သေဆုံးခဲ့ရသူတွေက KKG တပ်ရင်း(၆) ဥက္ကဌ ဘဖြိုး၊ရဲဘော်မဲကြီးနဲ့ ပိတောက်ကုန်းကျေးရွာက စစ်ရှောင်အမျိုးသား ၁ဦးလို့ သိရပါတယ်။

Public Service Announcement
” YDF နဲ့ YDF ခွဲထွက်အမှုတောင် မပြီးသေးဘူး။ဒီလိုဆက်ဖြစ်တာ ဒေသတွင်း လုံး၀အကျည်းတန်တယ်။ဒါကို တာ၀န်ရှိသူတွေနဲ့ အမြန်ဆုံးဖော်ထုတ်ဖို့ နဲ့ လက်နက်နဲ့ ဖြေရှင်းတာတွေကို ရှေ့လျှောက်ထိန်းချုပ်ဖို့ မူဝါဒကောင်းတွေ လိုနေပြီ”လို့ ဂန့်ဂေါမြို့နယ်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
လုပ်ကြံသတ်မှုကို ကျူးလွန်ခဲ့သူတွေက Black Dragon Force ကလို့ ကနဦးသိရပြီး လက်ရှိမှာ ထွက်ပြေးနေတယ်လို့ ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူက အသိပေးပါတယ်။
“မနေ့က နေ့လယ်မှာ ဂန့်ဂေါထဲက ရွာတစ်ရွာကို Black Dragon Force က စည်းရုံးရေးဆင်းတယ်။လက်နက် အပြည့်အစုံနဲ့ဆိုတော့ ဒေသခံတွေက လန့်သွားတယ်။နောက်ပြီး အဲဒီရွာက CDF KKG တပ်ရင်း (၆) ရဲ့နယ်မြေဆိုတော့ ညနေပိုင်းမှာ ဘဖြိုးက ဖုန်းနဲ့ဆက်သွယ်ပြီး နောက်တခါလာရင် လက်နက်တွေနဲ့ မလာဖို့နဲ့ကြိုတင် အကြောင်းကြားဖို့ ပြောတယ်။အဲဒီအချိန်မှာ စကားအခြေအတင်ဖြစ်ပြီး Black Dragon Force က ဘယ်ကိုလာပါဆိုပြီး ချိန်းပြီး စောင့်ပစ်သွားတာမျိုး”လို့ သူက ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ Black Dragon Force အဖွဲ့ကို လူထုနွေဦးက သီးခြားဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းပြန်ကြားတာမရှိသေးပါဘူး။
၂၀၂၆ မတ်လ ၂၂ ရက်ကလည်း ဂန့်ဂေါမြို့နယ်၊ ရေမျက်နီကျေးရွာနဲ့ ညောင်လယ်ကျေးရွာအနီး YDF (ဗဟို)ဘက်က ပစ်ခတ်မှုမှာ YDF ခွဲထွက်အဖွဲ့ စစ်ဒေသမှူး ဗိုလ်ကြီးကောင်းကောင်းနဲ့ တပ်ကြပ် စိုင်းဇော်ဝင်းတို့ ၂ဦး ကျဆုံးခဲ့ပြီး အခြား ၂ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။


















































