ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပြဿဒ်ကြီးကျေးရွာရှိ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်အပါအဝင် ဘုရားစေတီများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက် ၁နာရီခန့်က တောင်သာမြို့နယ်၊ လှည်းကူးမအုပ်စု၊ ပြဿဒ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်နှင့် စေတီပုထိုးများ၊ ပြည်သူ့နေအိမ်သုံးလုံး ထိမှန် ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောသည်။
“ဗုံးကြဲသွားတာက ပြည်သူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး။”ဟု တောင်သာပကဖ တာဝန်ရှိသူက ပြောသည်။
သြဂုတ် ၁၁ ရက်ကလည်း ပြဿဒ်ကြီးကျေးရွာ အရှေ့ဘက်၊ ကမ်းပါးယံ ဘုန်းကြီးကျောင်းကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ကျောင်းဆောင်များ ပျက်စီးပြီး သံဃာတစ်ပါး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ဩဂုတ် ၂၃ရက်က တောင်သာမြို့နယ်၊ ပန်းပေါင်းအုပ်စု ၊မကျီးကုန်းရွာ ဘုန်းကြီးကျောင်းကိုလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
ဩဂုတ် ၂၆ရက်တွင်လည်း ကျွဲတလင်းရွာဘုန်းတော်ကြီးကျောင်းကိုလည်း လေကြောင်းတိုက်ခိုက်ရာ ကျောင်းဆောင် ၃ဆောင်ပျက်စီးခဲ့သည်။
တောင်သာမြို့နယ်တွင် စစ်ကောင်စီတပ်က ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၆ကြိမ်ပြုလုပ်ခဲ့ရာ ၃ကြိမ်မှာ ဘုန်းတော်ကြီးကျောင်းများဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းရန်ကို သတိပြုနေထိုင်ကြရန် တောင်သာပကဖက တိုက်တွန်းထားသည်။
သြဂုတ်၁ဝရက် နံနက်ပိုင်းက စတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းအား တော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့သည်။
သြဂုတ် ၁၂ ရက်ကလည်း တောင်သာမြို့နယ်ရှိ ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးစခန်း၊ ကျောက်ခွဲစက်ဂိတ်စခန်း၊ စွပ်ကျယ်စက်ရုံ၊ ဘုရားလှပျူရွာ အစရှိသည့် နေရာလေးနေရာရှိ စစ်ကောင်စီတပ်အား တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြင်းခြံခရိုင်တပ်ရင်း အမှတ်(၃)တို့က ဦးဆောင်ပြီး တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်း ၂ ခုမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားသည်။