Connect with us

Hi, what are you looking for?

သတင်း

ဆက်သွယ်ရေး ကိရိယာတွေကို ဖောက်ခွဲခဲ့တဲ့ အစ္စရေးရဲ့ လုပ်ရပ်ဟာ စည်းဘောင်အားလုံးကို ကျော်သွားတာလို့ ဟစ်ဇ်ဘိုလာခေါင်းဆောင် စွပ်စွဲ

ဆက်သွယ်ရေး ကိရိယာတွေထဲ ဗုံးတွေထောင်ပြီး တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့ လုပ်ရပ်ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စည်းဘောင် အားလုံးကို ကျော်လွန်ခဲ့တာ ဖြစ်တယ်လို့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်ဖွဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ အရင်ကတည်းက တင်းမာမှုတွေ ရှိခဲ့သလို ဂါဇာစစ်ပွဲ ကာလ တလျှောက်မှာလည်း နယ်စပ်ဖြတ်ကျော်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ တောက်လျှောက် လုပ်ဆောင်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း နှစ်ဖက်စလုံးဟာ အလုံးစုံ စစ်ပွဲကြီး အဆင့်ထိ ပေါက်ကွဲမသွားအောင် သတိကြီးကြီး ထိန်းသိမ်းလုပ်ဆောင်ခဲ့ပါတယ်။

အခု သီတင်းပတ်ထဲမှာတော့ ဟစ်ဇ်ဘိုလာတွေ အဓိက အသုံးများလေ့ရှိတဲ့ လက်ကိုင် စာတိုပို့ ကိရိယာ pagerတွေနဲ့ လမ်းလျှောက် စကားပြောစက် ဝေါ်ကီတော်ကီတွေ အရေအတွက် ထောင်နဲ့ချီ ပေါက်ကွဲခဲ့တာကြောင့် လက်ဘနွန်နဲ့ ဆီးရီးယားတို့မှာ လူပေါင်း ၃၇ ဦး သေဆုံးပြီး ၃၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အစ္စရေး အစိုးရက နိုင်ငံတောင်ပိုင်း ဂါဇာမှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးရဲ့ ဗဟိုချက်ကို မြောက်ပိုင်း၊ လက်ဘနွန်နဲ့ နယ်စပ်ဆီ ရွှေ့ပြောင်းတော့မယ်လို့ ကြေညာပြီးတဲ့နောက် အဲဒီ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာပါ။

အစ္စရေးဟာ ဒီတိုက်ခိုက်မှုတွေကို တိုက်ရိုက် ဝန်မခံပေမယ့် ငြင်းဆိုခြင်းလည်း မရှိပါဘူး။ ကနဦး စုံစမ်းမှုတွေအရ ဟစ်ဇ်ဘိုလာတွေဆီ တင်ပို့မယ့် ဆက်သွယ်ရေး ကိရိယာတွေကို ဖောက်ခွဲရေး ပစ္စည်း တပ်ဆင်ထားတဲ့ အမျိုးအစားတွေနဲ့ ကြိုတင် လဲလှယ်ထားပြီး အဝေးထိန်း စနစ်နဲ့ ဖောက်ခွဲခဲ့တာလို့ ယုံကြည်ရကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဟစ်ဇ်ဘိုလာ အကြီးအကဲ ဟာဆန် နာစ်ရာလာဟ်ကတော့ အဲဒီ တိုက်ခိုက်မှုမျိုးတွေဟာ အစ္စရေးက လွန်လွန်ကဲကဲ ဘောင်ကျော်ခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပြီး ဟစ်ဇ်ဘိုလာအပေါ် စစ်ကြေညာလိုက်သလို ယူဆနိုင်တယ်လို့ ရုပ်မြင်သံကြား ထုတ်လွှင့်မှုကနေ ပြောကြားသွားခဲ့ပါတယ်။

သူက လက်ဘနွန် တောင်ပိုင်းမှာ အစ္စရေး လေယာဉ်တွေဟာ အသံကျယ်ကျယ်လောင်လောင်နဲ့ ခြိမ်းခြောက် ပျံသန်းရင်း အရင်ကတည်းက ပေါက်ကွဲမှုတွေကြောင့် သွေးပျက် ထိတ်လန့်နေတဲ့ ပြည်သူတွေကို စိတ်ဒုက္ခ ထပ်ပေးနေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

အစ္စရေးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေး တချို့ဟာ ဟစ်ဇ်ဘိုလာတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှု စွမ်းရည်နဲ့ အခြေခံ အဆောက်အအုံတွေကို ထိထိရောက်ရောက် ချိုးနှိမ် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဟစ်ဇ်ဘိုလာတွေဟာ ဂါဇာကမ်းမြှောင်ဒေသ အခြေစိုက် ဟားမားစ်တွေလိုပဲ အီရန်က အဓိက ထောက်ပံ့ပေးထားတဲ့ လက်နက်ကိုင် အင်အားစု ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ဖြစ်ပွားတဲ့ လက်ဘနွန် စစ်ပွဲမှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာ တပ်တွေဟာ အချိန်တစ်လကျော်လောက် အပြင်းအထန် စစ်ခင်း တိုက်ခိုက်ခဲ့ကြဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ်နဲ့ လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိသွားပြီလို့ အမေရိကန်က ကြေညာခဲ့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။