Connect with us

Hi, what are you looking for?

သတင်း

တောင်းခမ်းနှင့် သီပေါတွင် တိုက်ပွဲပြင်းထန်နေဟု TNLA ပြော

နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိဟုဆို

ဒီးဒီ၊သတိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ တောင်းခမ်းရွာနှင့် သီပေါမြို့တို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း တအာင်းတပ်မတော်(TNLA)၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။

နောင်ချိုမြို့ တောင်းခမ်းကျေးရွာရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)၊ အမတ(၂၀၆)တပ်ရင်းနှင့် သီပေါမြို့ရှိ ခြေမြန်တပ်ရင်း ခမရ(၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃) တို့တွင် တိုက်ပွဲပြင်းထန်နေသည်ဟု လွေးယေဦးက People’s Springသို့ ပြောသည်။

“တောင်ခမ်းမှာတော့ တိုက်ပွဲကတော့ ပြင်းထန်နေပါတယ်။ဒီတလောဆိုရင်တော့ ၉၀၂ နဲ့ ၂၀၆ မှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ လက်ရှိ တအောင်းဒေသမှာဆိုရင်တော့ သီပေါမှာလည်း ၅၀၃ ၊၅၀၄ ၊ ခလရ ၂၃ မှာတိုက်ပွဲတွေ ပြင်းထန်နေပါတယ်”ဟု လွေးယေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိကြောင်းလည်း လွေးယေဦးက ဆက်ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLAက ဆိုသည်။

” လက်ရှိမြင်တွေ့နေရတာက စစ်ကောင်စီက ရှမ်းတောင်ကနေဖြတ်ပြီးတော့ ရပ်စောက်ကနေတစ်ဆင့် ကျောက်ဂူတွေဖြတ်ပြီးတော့မှ အင်အားတွေ ပို့နေတာဖြစ်တယ်။ ပြီးတော့လေကြောင်းကနေတစ်ဆင့် စားနပ်ရိက္ခာတွေ။ ပြီးတော့ လက်နက်ကိရိယာတွေ ဖြည့်တင်းနေတာမျိုးကိုလည်းတွေ့ရပါတယ်”ဟု လွေးယေဦးက ပြောသည်။

၎င်းက ဆက်လက်ပြီး “တောင်ခမ်းမှာတော့ သူတို့ရဲ့ လူဦးရေက တစ်ရာကျော်ကျော်လောက်ရှိမယ်။ သို့ပေမယ့် ခြုံခိုတိုက်ခိုက်တဲ့ ပြီးတော့ တခြားနေရာမှာ ပုန်းခိုတာတော့ အင်အားအားဖြည့်တော့ သုံးရာဝန်းကျင်ရှိမယ်လို့ ထင်ပါတယ်”ဟု ပြောသည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။

လက်ရှိတွင် TNLA က အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို သိမ်းပိုက်ထားပြီးဟု ပြောသည်။

ထို့ကြောင့် လက်ကျန်ဖြစ်သော မစခ-၉၀၂နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခု ဆက်လက်သိမ်းပိုက်ရန် ဆက်လက်ကြိုးပမ်းနေခြင်းဟု လွေးယေဦးက ပြောသည်။

ထို့အပြင် သီပေါမြို့ရှိ ခြေမြန်တပ်ရင်း ခမရ(၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တို့တွင် တိုက်ပွဲပြင်းထန်နေသည်ဟု ပြောသည်။

TNLAက ထိုးစစ်ဆင်တိုက်ခိုက်နေသည့် သီပေါမြို့ရှိ စစ်ကောင်စီ တပ်ရင်း ၃ခုအနက် ခြေမြန်တပ်ရင်း ခမရ(၅၀၃)ကို သိမ်းပိုက်ရရှိထားပြီဟု သတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်ပြီး မေူမြန်းရာ အတည်မပြုနိုင်သေးဟု လွေးယေဦးက ပြောသည်။

စစ်ကောင်စီသည် လက်တလောတွင် တိုက်ပွဲဖြစ်ပွားနေသော နောင်ချိုနှင့် သီပေါမြို့တို့ကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်။ စစစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်နေသည်မှာ တိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်ဘဲ ပြည်သူများနေထိုင်ရာ မြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် မြို့ ၇မြို့ကို သိမ်းပိုက်ထားပြီး ပြီးခဲ့သည့် ဇွန်လ ၂၅ရက်က စတင်သည့် စစ်ဆင်ရေးဒုတိယပိုင်းတွင် နောင်ချို၊ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။

သီပေါနှင့် နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီ လက်ကျန်စခန်းအချို့ရှိနေပြီး မြို့နယ်တစ်ခုလုံးအနေအထား သိမ်းပိုက်နိုင်ရေးအတွက် ရက်ရှည်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အရာရှိနဲ့မိသားစုအချို့မြို့ပေါ် ထွက်ပြေး၊စစ်သုံ့ပန်းအချို့ကို AAဖမ်းမိ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)မှာ စက်တင်ဘာအတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် ရုပ်အလောင်းတွေနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ကျောက်ခက်နယ်မြေအနီးရှိသဲဖြူချောင်းရွာဝန်းကျင်မှာထိုးစစ်ဆင်လာနေတဲ့အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့ လက်ရှိအောက်တိုဘာလဆန်းပိုင်းမှာတိုက်ပွဲတွေပြန် လည်ဖြစ်ပွားနေတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

Trending

Facebook