ဟန်နွေ/People’s Spring
မဟာဗျူဟာကျသည့် ပင်လည်ဘူးမြို့သိမ်းပိုက်နိုင်ခဲ့ခြင်းသည် PDF တပ်မတော်၏ တိုက်စွမ်းရည်ပြသနိုင်ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အရေးပါသည့် ခံစစ်လိုင်းတစ်ခု ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
ပင်လည်ဘူးမြို့သည် ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင်မြို့များနှင့်ဆက်စပ်နေပြီး ဧရာဝတီ မြစ်ဝှမ်းနှင့် ချင်းတွင်းမြစ်ဝှမ်းဆက်သွယ်သော လမ်းကြောင်းပေါ်မှ မဟာဗျူဟာကျသည့် မြို့ဖြစ်သည်ဟု ဆိုသည်။
“ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက် နိုင်ခြင်းကြောင့် ရန်သူ့တပ်၏ အရေးပါသော ခံစစ်လိုင်းတခု ချိုးဖျက်နိုင်ခဲ့ပြီး PDF တပ်မတော်၏ တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့သည်။ မြေပြန့်ဒေသတွင် ထုအင်အားဖြင့် ဆင်နွှဲသော မဟာဗျူဟာထိုးစစ်၏ အရေးကြီးသော အောင်ပွဲကို ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်”ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ပင်လည်ဘူးမြို့အား တိုက်ခိုက်သိမ်းပိုက်နိုင်မှု သတင်းထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးအား ဩဂုတ် ၁၅ရက်တွင် စတင်ခဲ့ရာ အောက်တိုဘာ ၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီက လေကြောင်း ပစ်ကူအကြိမ်ပေါင်းများစွာ၊ မြေပြင် အင်အား ၈၀၀နီးပါးဖြင့် ခုခံခဲ့သော်လည်း ရက်ပေါင်း ၅၃ရက်အကြာတွင် PDF ပူးပေါင်းတပ်က သိမ်းနိုင်ခဲ့သည်။ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုအကြိမ် ၆၇၀ ကျော် ဗုံးသီးအလုံးရေ ၅,၀၀၀ကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ၇၀ခန့် သေဆုံးပြီး ၂၇၅ဦး ပျောက်ဆုံး၍ ၂၂၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ထားပြီး PDF ပူးပေါင်းတပ်မှထိခိုက်ကျဆုံး အခြေအနေ အသေးစိတ်ကို ဖော်ပြမထားပေ။
ရန်သူ့ထံမှ လက်နက်ကြီး/ငယ်မျိုးစုံ (၄၀၀) ကျော်၊ ခဲ၊ယမ်း၊မီး၊ကျောက် အမြောက်အမြားနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးသည်။
အလင်းဝင်ရောက်လာသူ ၄၈ဦးရှိပြီး စစ်သုံ့ပန်း (၁၀၂) ဦး ဖမ်းဆီးရမိခဲ့ကြောင်း NUGက ထုတ်ပြန်သည်။
ရန်သူ့တပ်သားများကို စစ်ဆေးရာတွင် မူးယစ်ဆေးဝါးများ သုံးစွဲထားသည်ကို တွေ့ရှိရပြီး ရန်သူ့ တပ်များ အဓိက အခြေပြုနေသည့် ရဲစခန်းအတွင်းမှ ဘိန်းမဲအထုပ် ၁၈ထုပ် (ခန့်မှန်း ၁ ပိဿာထုပ်)၊ ဘိန်းဖြူ ဆပ်ပြာခွက် ၁၃၅၂ခု၊ ဘိန်းဖြူ အထုပ်သေး ၁၂၈၅ ခု သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ပြည်သူ့တော်လှန်ရေး ၃နှစ်တာ ကာလအတွင်း (၅) ကြိမ်မြောက် ဆင်နွှဲခဲ့ရကြောင်း၊ စစ်ဆင်ရေးများအတွင်း မဆုတ်မနစ်သော ဇွဲသတ္တိ ဖြင့် အသက်၊ခန္ဓာကိုယ်တို့ကို ပေးဆပ်စွန့်လွှတ်သွားသည့် ပြည်သူ့တော်လှန်ရေး ရဲဘော်များကို ဂုဏ်ပြုဦးညွှတ်ကြောင်း ထုတ်ပြန်ကာ ယခုအောင်ပွဲမှ ရရှိသော အောင်စိတ်ဖြင့် တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်ကြိုးပမ်းအားထုတ်သွားမည်ဟု အသိပေးသည်။
“တိုက်ပွဲဆိုတာကတော့ ဘယ်တိုက်ပွဲပဲဖြစ်ဖြစ် အသုံးပြုတဲ့နည်းဗျူဟာတွေက တူကြမှာမဟုတ်ဘူး။ ပထဝီအနေအထားမတူတာ ရန်သူအရွယ်အစားမတူတာ နောက်တစ်ခါ အခင်းအကျင်းမတူတာ ။နောက်တစ်ခါ အချိန်ကာလ နေရာဒေသမတူတာ အစရှိသဖြင့် အကြောင်းတရားတွေ အများကြီးရှိတဲ့အတွက် ကြောင့်မို့လို့ ဘယ်တိုက်ပွဲပဲဖြစ်ဖြစ် တိုက်ပွဲတိုင်းက တစ်ခုနဲ့တစ်ခု ပုံသဏ္ဍာန်တွေ နည်းဗျူဟာတွေကတော့ မတူကြပါဘူး”ဟု အမှတ်(၁)စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဩဇာက ပြောသည်။
ပင်လည်ဘူးမြို့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူးကွပ်ကဲမှုဖြင့် ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ် (၁) စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့၊ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှား တပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ အမှတ် (၁၊ ၂) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၇)၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ စစ်ကိုင်းတိုင်းဗျူဟာ (၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၂၊ ၅၃) ၊
ပကဖ (စစ်ကိုင်းတိုင်း၊ကောလင်းခရိုင်၊ရွှေဘိုခရိုင်၊ပင်လည်ဘူးမြို့နယ်၊ကောလင်းမြို့နယ်၊ဝန်းသိုမြို့နယ် ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး၊ ရွှေဘိုခရိုင် ပကဖ၊ ပင်လည်ဘူးမြို့နယ် ပကဖ၊ ကောလင်းမြို့နယ် ပကဖ၊ ဝန်းသိုမြို့နယ် ပကဖ) စသည် PDF၊ ပကဖ တပ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။