သတိုး၊သုည/People’s Spring
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မပို့ဆောင်ခဲ့သည့် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်းနှင့် ကိုယ်ရေးအရာရှိကို ပစ်ခတ်ခဲ့ကြောင်း Golden Valley Warriors တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
“သူနဲ့ သူ့ကိုယ်ရေးအရာရှိကို သေသေချာချာပစ်ခဲ့တယ်။ ဒဏ်ရာတွေနဲ့ဆေးရုံရောက်သွားတယ်။ အဲဒီအခြေနေအထိ အတည်ပြုလို့ရပါတယ်”ဟု ၎င်းကပြောသည်။

Public Service Announcement

အောက်တိုဘာ ၁၃ရက် နံနက် ၉ နာရီခန့်တွင် ကျော်သူဝင်း(ခ)ရွှေမန်းနှင့် ၎င်း၏ ကိုယ်ရေးအရာရှိတို့ကို အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျော်သူဝင်းသည် ရင်ဘတ်ဖောက်ဝင်ဒဏ်ရာနှစ်ချက် ၊ ဝဲလက်ဖဝါး ဖောက်ဝင် ဒဏ်ရာ တစ်ချက်ရရှိကာ ကိုယ်ရေးအရာရှိသည် ဦးခေါင်းဖောက်ဝင်ဒဏ်ရာနှစ်ချက် ရရှိသွားကြောင်း ၎င်းက ဆိုသည်။
“လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်များကို အင်အားသုံး ဖယ်ရှားခြင်း ၊ မဝင်မနေရစစ်မှုထမ်းစနစ်အတွက် စက်ရုံအလုပ်သမားလူငယ်များကို အတင်းအဓမ္မစစ်တပ်ထဲသို့စေလွှတ်ခြင်းကြောင့် လှိုင်သာယာတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော်လဲ လှိုင်သာယာမြို့နယ်၏ အုပ်ချုပ်ရေးအကြီးအကဲဖြစ်နေခြင်းကြောင့် မည်သူမှ စောဒကမတက်ရဲဘဲ ၎င်း၍ သတင်းကို တော်လှန်ရေးအဖွဲ့များထံတိုင်ကြားလာ၍ ယခုကဲသို့ အုပ်ချုပ်ရေးထောက်တိုင်ကြီးတစ်ခုကိုရှင်းလင်းလိုက်ခြင်းဖြစ်သည်။”ဟု Golden Valley Warriors အဖွဲ့ကသတင်းထုတ်ပြန်ထားသည်။
ဒဏ်ရာရရှိသူနှစ်ဦးကို လူနာတင်ယာဉ်များဖြင့်သယ်ဆောင်သွားပြီး စစ်ကောင်စီက လှိုင်သာယာမြို့နယ်အတွင်း လမ်းပိတ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်သို့သွားရောက်သည့် တံတား သုံးစင်းကို နံနက် ၁၁ နာရီကျော်သည်အထိ ပိတ်ထားခဲ့သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုကြုံခဲ့ရကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။
“လှိုင်သာယာမြို့နယ်ခံလဲဖြစ်သည့် ကျော်သူဝင်းသည် မဝင်မနေရစစ်မှုထမ်းစနစ်အတွက် လှိုင်သာယာမြို့နယ်မှ လူငယ် ၈၀၀ကျော်ကို စစ်တပ်ထံ အမည်စာရင်းပေးပို့ခဲ့ပြီး အတင်းအဓမ္မ စစ်မှုထမ်းစေချင်းအတွက် တာဝန်ရှိသူတစ်ဦးဖြစ်သည်”ဟု Golden Valley Warriors အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်ဝင်အများအပြားနှင့် ပျူစောထီးများ ဦးဆောင်ကာ လှိုင်သာယာမြို့နယ်တစ်ခုလုံးနီးပါးကို ပိတ်ဆို့စစ်ဆေးနေကြောင်း ဒေသခံပြည်သူများက ပြောသည်။
“မနက်က လှိုင်သာယာမှာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ပစ်ခံရတာက (၁၁)ရပ်ကွက်ဘက်မှာ ဖြစ်တာလို့ သိရတယ်။ သေ မသေတော့ သေချာမသိဘူး။ ဒဏ်ရာပြင်းတယ်လို့ ပြောတယ်။ အခု လှိုင်သာယာဘက်ကို ဝင်ထွက်လို့ရတဲ့ တံတား ၃ စင်းလုံးကို စကစ က ပိတ်ဆို့စစ်ဆေးနေပါတယ်။ ဘေးတွဲဆိုင်ကယ်တွေ၊ စက်ဘီးတွေဆို တစ်စီးလုံးလှန်လှောပြီး ရှာနေတာ တွေ့ခဲ့တယ်။ FMI ရှေ့မှာဆို ပစ္စည်းပို့တဲ့ ကောင်လေးတွေကို အိတ်တွေပါ ဖွင့်စစ်နေပါတယ်။ ကားတွေလည်း တောက်လျောက်ပိတ်နေတယ်”ဟု လှိုင်သာယာမြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။
ကျော်သူဝင်းသည် ၂၀၂၄တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်ဖြစ်လာပြီးနောက် စားသောက်ကုန်လုပ်ငန်း၊ ရေသန့်စက်ရုံ ၊ Convenient Store များ နှင့် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းများနှင့် တဟုန်ထိုးကြီးပွါးလာခဲ့ကာ ၎င်း ပိုင်ဆိုင်သည့် ရွှေမန်းအိမ်ခြံမြေလုပ်ငန်းသည် စစ်ဘက်အရာရှိတချို့နှင့် တရုတ်လုပ်ငန်းရှင်တစ်ဦးငွေကြေးထည့်ဝင်ထားသည်ဟု ယင်းအဖွဲ့က ဆိုသည်။
Golden Valley Warriorsအဖွဲ့အနေဖြင့် ရန်ကုန် မြို့ရှိ အကြမ်းဖက်စစ်တပ်နှင့် ဆက်စပ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်များနှင့် လုပ်ငန်းရှင်မျာ၏ စာရင်းကိုပြုစု ထောက်လှမ်းထားပြီး ၎င်းတို့အားလုံးကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ရန် လုပ်ဆောင်သွားမည်ဟု အသိပေးထားသည်။
