ဟန်နွေ ၊လူအေး/People’s Spring
စစ်ကိုင်းတိုင်း ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် သွားရောက်တွေ့ဆုံခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။
အောက်တိုဘာလ (၁၀) ရက်နေ့တွင် သွားရောက် ခဲ့သည့်ခရီးစဥ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် သိမ်းပိုက်ရရှိထားသော ပင်လည်ဘူးမြို့အားစစ်ဆေးခြင်းနှင့် လက်နက်ချ အညံ့ခံ ပူးပေါင်းလာသော စစ်သုံ့ပန်းများအား တွေ့ဆုံခြင်း များကိုလည်းပြုလုပ်ခဲ့ကြောင်းသိရသည်။
ကာကွယ်ရေးဝန်ကြီး က PDF များသိမ်းပိုက်ထားသောပင်လည်ဘူးမြို့တွင်လည်လည်ကြည့်ရှု့ခဲ့သည့်မှတ်တမ်းဓာတ်ပုံများကိုလည်းထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးအား ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့တွင် စတင်ခဲ့ရာ ရက်ပေါင်း၅၀ကျော်အကြာ အောက်တိုဘာလ (၈) ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးတွင် ယခင်အခြေချနေသော ရန်သူ့အင်အားအပြင် Mi-17 ဖြင့် (၂၁) ကြိမ် တပ်ကူပို့ဆောင်ခဲ့ရာ ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခမရ (၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)၊ ရဲ နှင့် SNA တပ်မဟာ-၆၁၄ ပူးပေါင်းအင်အား (၇၇၂) ဦးထိ ရှိခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၇၀) ဦးခန့် သေဆုံးပြီး (၂၇၅) ဦး ပျောက်ဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၂၅) ဦး ထိခိုက်ဒဏ်ရာရ ကာ အလင်းဝင်ရောက်လာသူ (၄၈) ဦးရှိကြောင်း၊ စစ်သုံ့ပန်း (၁၀၂) ဦး ဖမ်းဆီးရမိခဲ့ကြောင်းအသိပေးထားသည်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်းရန်သူ့ထံမှ လက်နက်ကြီး/ငယ်မျိုးစုံ (၄၀၀) ကျော်၊ ခဲ/ယမ်း/မီး/ကျောက် အမြောက်အမြားနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။
ပင်လည်ဘူးမြို့သည် ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင်မြို့များနှင့်ဆက်စပ်နေပြီး ဧရာဝတီ မြစ်ဝှမ်းနှင့် ချင်းတွင်းမြစ်ဝှမ်း ဆက်သွယ်သော လမ်းကြောင်းပေါ်မှ မဟာဗျူဟာကျသည့် မြို့ဖြစ်ကြောင်း၊ ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက် နိုင်ခြင်းကြောင့် ရန်သူ့တပ်၏ အရေးပါသော ခံစစ်လိုင်းတခု ချိုးဖျက်နိုင်ခဲ့ပြီး PDF တပ်မတော်၏ တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့သည််ဟုကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
မြေပြန့်ဒေသတွင် ထုအင်အား ဖြင့် ဆင်နွှဲသော မဟာဗျူဟာထိုးစစ်၏ အရေးကြီးသော အောင်ပွဲကို ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်ဟု လည်းဖော်ပြထားသည်။
ပင်လည်ဘူးမြို့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁) စစ်ဒေသ၊ ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ် (၁) စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့/ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှား တပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ အမှတ် (၁၊ ၂) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၇)၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ စစ်ကိုင်းတိုင်းဗျူဟာ (၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၂၊ ၅၃) ၊ ပကဖ (စစ်ကိုင်းတိုင်း/ ကောလင်းခရိုင်/ ရွှေဘိုခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ် ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ် (၁) စစ်ဒေသ/ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး/ ရွှေဘိုခရိုင် ပကဖ/ ပင်လည်ဘူးမြို့နယ် ပကဖ/ ကောလင်းမြို့နယ် ပကဖ/ ဝန်းသိုမြို့နယ် ပကဖ) ပူးပေါင်းအဖွဲ့က (၅၄) ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ဦးရည်မွန်သည်ပြီးခဲ့သည့် ဇန်နဝါရီလနှင့်မတ်လကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ကချင်
ပြည်နယ် မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေနှင့် ဘွမ်ရေဘွမ့် (Bumre Bum) စခန်းကို အမှတ်(၁)စစ်ဒေသမှူးဖြစ်သော KIA စစ်တိုင်းမှူးနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။