Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးအတက်အကျရှိတာ စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပန်းတိုင် ရောက်ရေးဝိုင်းဝန်းပေးကြဖို့ NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

သိမ်းပိုက်ရရှိထားတဲ့ မြို့အချို့ကို ဗျူဟာအရ ယာယီစွန့်ခွာရမှုများ အပါအဝင် မြေပြင်မှာ အခက်အခဲများ၊ အတက်အကျများ ရှိနေတာဟာ စစ်မက်ရေးရာရဲ့ သဘာဝပင် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပြီး လတ်တလော အခြေအနေတွေအပေါ် စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပန်းတိုင် အတွက် ဝိုင်းဝန်းပေးဖို့ နှိုးဆော်ထားပါတယ်။

(ကာကွယ်ရေးဝန်ကြီးဦးရည်မွန်အား ဒေါက်တာတေဇာဆန်း၊ PDF စစ်ရုံးချုပ် တာဝန်ရှိသူများ၊ မန္တလေး PDF တာဝန်ခံ ကိုမုန်တိုင်း၊ MDY PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်၊ အခြားစစ်ဦးစီးအဖွဲ့ဝင်များနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-Tay Zar San)

မေ-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

သိမ်းပိုက်ရရှိထားတဲ့ မြို့အချို့ကို ဗျူဟာအရ ယာယီစွန့်ခွာရမှုများ အပါအဝင် မြေပြင်မှာ အခက်အခဲများ၊ အတက်အကျများ ရှိနေတာဟာ စစ်မက်ရေးရာရဲ့ သဘာဝပင် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပြီး လတ်တလော အခြေအနေတွေအပေါ် စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပန်းတိုင် အတွက် ဝိုင်းဝန်းပေးဖို့ နှိုးဆော်ထားပါတယ်။

ဒီကနေ့ မေလ ၅ရက်မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ဖွဲ့စည်းမှု ၅နှစ်ပြည့်မှာ တော်လှန်ပြည်သူတွေထံ ဝန်ကြီးက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ရာ အခုလို ပြောကြားခဲ့တာပါ။

မြို့အချို့စွန့်လွှတ်ရတာနဲ့ မြေပြင်အခက်အခဲတွေ ရှိပေမယ့် လှေနံဓားထစ် စစ်ဗျူဟာတွေကို မသုံးဘဲ ရန်သူ့ အခြေအနေနဲ့ မိမိအင်အား အပေါ် မူတည်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ပြည်သူ့စစ် မဟာဗျူဟာတွေကို ကျင့်သုံးကာ တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့တွေနဲ့ ပိုမိုခိုင်မာစွာလက်တွဲ တိုက်ပွဲဝင်မယ်လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” တော်လှန်ပြည်သူများအနေဖြင့် လတ်တလော အခြေအနေများအပေါ် စိတ်ဓာတ်ကျဆင်းခြင်း မရှိဘဲ၊ မိမိတို့၏ ခိုင်မာသော သန္နိဋ္ဌာန်၊ ပြင်းပြသော ယုံကြည်ချက်များဖြင့် တော်လှန်ရေးပန်းတိုင်သို့ မရောက်မချင်း ဇွဲမလျှော့စတမ်း ဆက်လက်လက်တွဲ ဝိုင်းဝန်းပေးကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်ကိုယ်တိုင်နှင့်တကွ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မြေပြင်ရှိ ရဲဘော်များနှင့်အတူ အမြဲတစေ အတူတကွ ရှိနေမည်ဖြစ်ပြီး၊ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ အပြီးသတ်အောင်ပွဲကို မုချရယူပေးသွားမည် ဖြစ်ပါသည်”လို့ ဝန်ကြီး ဦးရည်မွန်ရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ပြည်သူ့တော်လှန်ရေးဟာ ပြည်သူ့အင်အားဖြင့်သာ အောင်ရမှာဖြစ်ပြီး တော်လှန်ပြည်သူတစ်ရပ်လုံး ဘေးအန္တရာယ်ကင်းစင်ကာ မျှော်လင့်တောင့်တအပ်သော ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ မကြာမီ ရောက်ရှိပါစေလို့လည်း ဝန်ကြီးက ဆုတောင်းပေးထားပါတယ်။

ပြည်သူတွေရဲ့ မယိုင်လဲတဲ့ ထောက်ခံအားပေးမှု၊ ယုံကြည်ကိုးစားမှု နဲ့ အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးမှုများသာ မရှိခဲ့ရင် တော်လှန်ရေးဟု အခုလိုအောင်မြင်မှု အဆင့်တခုကို ရောက်ရှိလာနိုင်မှာ မဟုတ်လို့လည်း ပြောပါတယ်။

” စစ်ကောင်စီ၏ လူမဆန်သော ရွာလုံးကျွတ်မီးရှို့မှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများနှင့် လေကြောင်းရန်များကြားမှပင် မိမိတို့၏ ထမင်းလုပ်ကို ခွဲဝေကျွေးမွေးခဲ့ကြသော၊ ရရာနည်းလမ်းဖြင့် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသော ပြည်သူများ၏ ကျေးဇူးတရားသည် တိုင်းထွာ၍ မရနိုင်လောက်အောင် ကြီးမားလှပါသည်။” လို့လည်း ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ဘဝ၊ အိုးအိမ်နဲ့ စည်းစိမ်များကို စွန့်လွှတ်အနစ်နာခံကာ တော်လှန်ရေးအင်အားစုများနဲ့ အတူ ရေနှင့်ငါးပမာ တသားတည်း ရပ်တည်ပေးခဲ့ကြသော တော်လှန်ပြည်သူတစ်ရပ်လုံးကို ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဦးညွှတ်ကာ အလေးအမြတ်ပြု ဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်များ အောင်မြင်ဖို့ အသက်နဲ့ ခန္ဓာကို စွန့်လွှတ်ပေးဆပ်သွားခဲ့ကြသော အာဇာနည်သူရဲကောင်း ရဲဘော်များ၊ ယခုအချိန်အထိ ရှေ့တန်းစစ်မျက်နှာပြင် အသီးသီးတွင် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားပြီး တိုက်ပွဲဝင်နေကြဆဲဖြစ်သော ရဲဘော်ရဲဘက်များရဲ့ ကြီးမြတ်သော စွန့်လွှတ်အနစ်နာခံမှုများကိုလည်း မေ့ပျောက်မည် မဟုတ်ဟု ဝန်ကြီးက ပြောပါတယ်။

(၅)နှစ်တာ ဖြတ်သန်းမှုအတွင်း အောင်မြင်မှုများ ရှိခဲ့သလို၊ စစ်ရေးအတွေ့အကြုံနှင့် ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ထိန်းကျောင်းကွပ်ကဲမှု လိုအပ်ချက်များကြောင့် နေရာဒေသအချို့တွင် ပြည်သူလူထု၏ ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ ထိခိုက်စေခဲ့တဲ့ အမှားအယွင်းများ၊ ဟာကွက်များ ရှိခဲ့တာကို မျက်ကွယ်ပြုမထားဘဲ အထူးသတိပြု ဆန်းစစ်နေပြီး ထိရောက်သော အရေးယူဖြေရှင်းမှုများ ပြုလုပ်လျက်ရှိဟု အသိပေးပါတယ်။

နောင်တွင်လည်း ကွပ်ကဲမှုစနစ် ပိုမိုခိုင်မာအားကောင်းစေဖို့ စစ်သည်တော်ကျင့်ဝတ်ကို တိကျစွာ လိုက်နာဖို့ တော်လှန်ပြည်သူများကို အမှန်တကယ် အကာအကွယ်ပေးနိုင်သော ကျင့်ဝတ် စည်းကမ်းရှိတဲ့ တပ်မတော်ဖြစ်လာစေရန် ပြုပြင်ထိန်းကျောင်းမှုများကို ဆထက်ထမ်းပိုး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးက ကတိပြုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ တွေ့ဆုံပြီး တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခများကိစ္စ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ၊အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ပုလဲမောင် ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တဲ့ အပေါ် မိသားစုဝင်များ၊ ရဲဘော် ရဲဘက်များနဲ့ ထပ်တူ ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူ ရဲဘော်ကို ဖမ်းဆီးထားသလို မလိုလားအပ်တဲ့နောက်ဆက်တွဲတွေ မဖြစ်ဖို့ ဆောင်ရွက်နေတယ်လို့...

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွင်း မေလနဲ့ ဇွန်လ တတိယပတ်အထိ စစ်ဆင်​ရေး​တွေမှာစစ်သား (၃၃) ဦးသေဆုံးပြီး (၁၇) ဦးဒဏ်ရာရရှိကာ ၊စစ်သုံ့ပန်း (၂)ဦး ၊ လက်နက်မျိုးစုံ (၁၆) လက်နဲ့ ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီကနေ့...