နေ့သစ်/People’s Spring
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲပါဝင်သည့် ရဲဘော်များအတွက် ဂုဏ်ယူစရာကောင်းပြီး ရှေ့လာမည့်တိုက်ပွဲများတွင်လည်း ရဲဘော်များ၏ ရဲစွမ်းသတ္တိနှင့် ပြောင်မြောက်မှုများဆက်လက်ပြသမည်ဟု ယုံကြည်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောကြားသွားသည်ဟု အမှတ်(၁)စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဩဇာက People’s Springသို့ ပြောသည်။
ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးတွင်ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အောက်တိုဘာ ၁၀ရက်တွင် သွားရောက်တွေ့ဆုံစဥ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဟု ရဲဘော်ဩဇာက ပြောသည်။
” ရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆပ်မှု၊ ဒီလိုအရာတွေအတွက် ချီးကျူးဂုဏ်ပြုကြောင်းနဲ့ နွေဦးတော်လှန်ရေးမှာ မှတ်တမ်းတင်ရမယ့်ပွဲဖြစ်တဲ့အကြောင်း ၊ ဒီပွဲမှာပါဝင်ရတဲ့အတွက် ဂုဏ်ယူစရာကောင်းတဲ့ အကြောင်းပေါ့။ အဲဒါကိုလည်း သူအသိအမှတ်ပြုလေးစားကြောင်း ဒါတွေ ပြောသွားတာပါ။ ရှေ့ဆက်ပြီးတော့လည်းတိုက်ပွဲဝင်ရမှာတွေ ရှိတယ်ပေါ့။အဲဒီမှာလည်း ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ ပြောင်မြောက်မှုတွေကို ဆက်လက်ပြသလိမ့်မယ်လို့ သူယုံကြည်တဲ့အကြောင်း ဒါတွေ ပြောသွားတာပါ။ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့ ပံ့ပိုးမှုတွေနဲ့ စီစဉ်မှုတွေဆက်လက်လုပ်ဆောင်ပေးမယ် ဒါတွေပြောသွားတာပါ”ဟု ဝန်ကြီးဦးရည်မွန်ပြောကြားသွားသည့်အကြောင်းအရာနှင့်ပတ်သက်ပြီး ရဲဘော်ဩဇာက ပြောသည်။
ထို့အပြင် မြို့အားဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် လိုအပ်သည်များ လုပ်ဆောင်ပေးမည်ဟုလည်း ပြောသွားသည်ဟု ၎င်းက ဆက်ပြောသည်။
“ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ ကနေပြီးတော့ အခုသိမ်းယူထားတဲ့ မြို့တွေ ရန်သူ့ဘက်ကိုမကျရောက်ရေးနဲ့ နောက်တစ်ခါ ရန်သူခြေချထားတဲ့နေရာတွေကို ဆက်လက်ပြီး ထိုးစစ်ဆင်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတယ်။ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အားပေးမှုကိုလည်း အများကြီးကျေးဇူးတင်တယ်ဆိုပြီး ပြောသွားပါတယ်”ဟု ရဲဘော်ဩဇာက ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် သိမ်းပိုက်ရရှိထားသော ပင်လည်ဘူးမြို့အားစစ်ဆေးစဥ် လက်နက်ချ အညံ့ခံပူးပေါင်းလာသော စစ်သုံ့ပန်းများလည်း တွေ့ဆုံခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့အပြင် ဝန်ကြီးဦးရည်မွန် ပင်လည်ဘူးမြို့အား သွားရောက်ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၁)စစ်ဒေသ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်တိုင်းမှူး ဗိုလ်မှူးကြီးလည်းလိုက်ပါခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ဗိုလ်မှူးကြီးသည် အမှတ်(၁)စစ်ဒေသ စစ်ဒေသမှူးအဖြစ် တာဝန်ယူထားသူလည်းဖြစ်သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“စစ်တိုင်းမှူးနဲ့ စစ်ဒေသမှူးက အတူတူပဲ။ တိုင်းမှူးကပဲ(စစ်ဒေသမှူး) တာဝန်ယူနေတယ်။ သူက စစ်ဒေသမှူးပဲ။ စစ်ဒေသမှူးကို KIA စစ်ဦးစီးချုပ်က တိုက်ရိုက်ညွှန်ကြားတာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယခင်က KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းက အမှတ်(၁)စစ်ဒေသ စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့သည်။ ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းသည် ယခုနှစ် မေလတွင် အသည်းရောဂါဖြင့်ကွယ်လွန်သွားရာ KIA စစ်ဦးစီးချုပ်အသစ်အဖြစ် ဒုဗိုလ်ချုပ်ကြီး အောင်ဆိုင်းလာက တာဝန်ယူခဲ့ခြင်းဖြစ်သည်။ စစ်ဦးစီးချုပ် အသစ်လက်ထက်တွင် အမှတ်(၁) စစ်ဒေသမှူးကို စစ်တိုင်းမှူး ဗိုလ်မှူးကြီး တစ်ဦးကို ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
ကောလင်းခရိုင် ပင်လည်ဘူးမြို့ကို PDF ရဲဘော်များက ၅၃ရက်ကြာတိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၈ ရက်တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၄၀၀ကျော်နှင့် ခဲယမ်းမီးကျောက် အများအပြားသိမ်းဆည်းရရှိခဲ့သည်။ ပင်လည်ဘူးမြို့သည် တော်လှန်ရေးတပ်ဖွဲ့များ စစ်ကိုင်းတိုင်းအတွင်း ပဉ္စမမြောက်သိမ်းယူနိုင်ခဲ့သည့် မြို့ဖြစ်သည်။ အဆိုပါ မြို့သိမ်းတိုက်ပွဲများအတွင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်းမှ လက်နက်ခဲယမ်းရရှိမှုနှင့် စစ်ကောင်စီတပ်သား သေဆုံး၊ ဖမ်းဆီးရရှိမှုမှာ အများဆုံးမြို့သိမ်းတိုက်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။