ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာတွင် စစ်ကောင်စီတပ်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူလေးဦး သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၇ ရက်(သီတင်းကျွတ်လပြည့်နေ့)က ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာမှ အင်အား ၇၀ခန့်ဖြင့်လာသော စစ်ကောင်စီစစ်ကြောင်းသည် ကိုင်းရွာအတွင်း ဝင်ရောက်ပြီး အမျိုးသမီး နှစ်ဦး၊ အမျိုးသား နှစ်ဦးတို့အား ပစ်ခတ်သတ်ဖြတ်သွားကြောင်း Cobra One တပ်ဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က ပြောသည်။

Public Service Announcement
“မတစ်ဦးက ကိုယ်ဝန်ဆောင်သည်ပါ။ သေဆုံးသူတွေက တမိသားစုတည်းတော့မဟုတ်ဘူး။”ဟု ၎င်းက ပြောသည်။
ထို့နောက် ည ၉နာရီခန့်တွင် အင်ပင်ကျေးရွာမှ ထွက်လာစဥ် တော်လှန်ရေးတပ်ဖွဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာပြီး အင်ပင်ကျေးရွာအတွင်း ပြန်ဝင်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
တိုက်ခိုက်မှုကို Cobra One ၊ BaNyein တပ်ဖွဲ့ ၊ The Red Revolters နှင့် Young Force – UG တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီအား တိုက်ခိုက်ရန် ရော့ကတ်များအား အဆင့်မြှင့်တင်ထုတ်လုပ်နေ၍ ပူးပေါင်းကူညီပေးရန် Cobra One အဖွဲ့က မေတ္တာရပ်ခံထားသည်။
ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး ပြီးခဲ့သည့် သြဂုတ်၂၁ရက်က ကိုင်းတောမကျေးရွာအနီး၌ စစ်ကောင်စီ စစ်ကြောင်းကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၂ဦးသေဆုံးပြီး ဒုတပ်ကြပ်၂ဦးအပါအဝင် ၅ဦးအား စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့သည်။ထို့အပြင်လက်နက်မျိုးစုံ ၁၉ လက်နှင့် ခဲယမ်းကျည်မျိုးစုံ သိမ်းဆည်းရရှိခဲ့သည်။


















































