သုည/People’s Spring
စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းအား ထောက်ခံရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (အောက်တိုဘာ ၂၂)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကျေးရွာတစ်ရွာမှာ အရာတော်မြို့နယ် သပိတ်အင်အားစုတွေ၊ သပိတ်တက်ကြွလှုပ်ရှားသူတွေ၊ ဒေသခံပြည်သူလူထုတွေ ပူးပေါင်းဦးဆောင်ပြီး “လူထုအနာဂါတ်ကို တော်လှန်ဆီမီးနဲ့ထွန်းညှိကြ” စတဲ့ စာတန်းကိုင်ဆွဲကာ လူထုသပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” စတဲ့ စာသားကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း မြောက်ခြမ်းကျေးရွာများသပိတ်ကော်မတီနဲ့ ရွာပေါင်းစုံသပိတ်မှ ရဲဘော်တွေ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ခန့်အပ်ရေး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အရာတော်လူထုသပိတ်
