အီယိုရီ/People’s Spring
မြန်မာ့နွေဦးတော်လှန်ရေးကျန်းမာရေးရဲဘော်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနတို့အား အမေရိကန်အခြေစိုက် ကျန်းမာရေးတက်ကြွလှုပ်ရှားသူများက Edward Barsky Award ကို ပေးအပ်ချီးမြှင့်မည်ဟု သိရသည်။
အထက်ပါဆုကို အောက်တိုဘာ ၂၇ရက်တွင် ကျင်းပပြုလုပ်မည့် 2024 Health Activist Dinner ၌ ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ဆုလက်ခံယူမည်ဖြစ်သည်။

Public Service Announcement
အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့ ညီလာခံက အဆိုပါချီးမြှင့်ပွဲညစာစားပွဲတွင် နွေဦးတော်လှန်ရေးကျန်းမာရေးရဲဘော်များနှင့် NUG ကျန်းမာရေးဝန်ကြီးဌာနတို့ကို ပေးအပ်ချီးမြှင့်မည့် Edward Barsky Award နှင့်အတူ Paul Cornely Award ၊ Paul Ambrose Oustanding Award နှင့် Paul Wellstone Award တို့ကိုလည်း ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးပဋိပက္ခနှင့် လက်နက်ကိုင်တိုက်ပွဲများကြောင့် တိုင်းပြည်၏ကျန်းမာရေးစနစ်များ အထူးသဖြင့် တိုက်ပွဲဖြစ်ရာဒေသများ၌ ကျန်းမာရေးစနစ်များပြိုလဲသွားခဲ့ရသည်။ ကျန်းမာရေးလုပ်သားများက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပူးပေါင်းပါဝင်ခဲ့ပြီး စစ်အာဏာသိမ်းမှုကို ရဲရင့်စွာ ခုခံတော်လှန်ခဲ့၍ အာဏာသိမ်းစစ်ကောင်စီက ကျန်းမာရေးလုပ်သားများကို ပစ်မှတ်ထားကာ ထိုးနှက်တိုက်ခိုက်ခဲ့သည်။
သို့သော် NUG ကျန်းမာရေးဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် CDM ကျန်းမာရေးလုပ်သားများနှင့် ရပ်ရွာအခြေပြုအဖွဲ့များက အသက်အန္တရာယ်ခြိမ်းခြောက်စိန်ခေါ်မှုများကြားမှ ပဋိပက္ခသင့်ပြည်သူများအတွက် မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရပ်ရွာကဦးဆောင်သော ကျန်းမာရေးစနစ်များကို ဆန်းသစ်တီထွင်ခဲ့ကြောင်း အမေရိကန်အခြေစိုက် ကျန်းမာရေးတက်ကြွလှုပ်ရှားသူများက ဖော်ပြသည်။
NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် (၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ Sideline အစည်းအဝေးများတက်ရောက်ရန် စက်တင်ဘာလကတည်းက အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေကြောင်း သိရသည်။
Health Activist Dinnerသည် ၁၉၃၉ ခုနှစ်တွင် စတင်တည်ထောင်သော Physicians Forum မှ ပေါက်ဖွားလာခဲ့ပြီး အဆိုပါအဖွဲ့သည် ကမ္ဘာတဝန်း ကျန်းမာရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု မြှင့်တင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ယင်းအဖွဲ့မှ ပေးအပ်ချီးမြှင့်သော ဆုအမျိုးအစား ၄ခုကို မြန်မာနိုင်ငံက တစ်ကြိမ်မှ ရဖူးခြင်းမရှိဘဲ ယခု ပေးအပ်ချီးမြှင့်သော Edward Barsky Award မှာ ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်ကြောင်း သိရသည်။


















































