Connect with us

Hi, what are you looking for?

သတင်း

နှစ်သစ်မှာ စစ်တပ်အထိနာအောင် ထိုးနှက်မယ် လို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော

၂၀၂၆မှာ တော်လှန်ရေး အောင်မြင်စွာ အဆုံးသတ်နိုင်မှာ မဟုတ်သေးပေမယ့် အောင်မြင်တဲ့ လမ်းပေါ်ကို သေချာပေါက်ရောက်မယ့်နှစ်ဖြစ်တယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ဝန်ကြီး​ဒေါက်တာ​ဇော်​ဝေစိုး နဲ့NUG အစိုးရအဖွဲ့ဝင်အချို့ ​တော်လှန်​ရေးတပ်​တွေထိန်းချုပ်ထားတဲ့ ​ဒေသတစ်ခုကို ၂၀၂၅ အတွင်း​ရောက်ရှိခဲ့စဥ်။ဓါတ်ပုံ-NUG

ဒီဇင်ဘာ-၃၀၊ ၂၀၂၅။ ဟန်နွေ/People’s Spring

၂၀၂၆မှာ တော်လှန်ရေး အောင်မြင်စွာ အဆုံးသတ်နိုင်မှာ မဟုတ်သေးပေမယ့် အောင်မြင်တဲ့ လမ်းပေါ်ကို သေချာပေါက်ရောက်မယ့်နှစ်ဖြစ်တယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

NUG သတင်းပြန်ကြားရေးဌာနက ဒေါက်တာဇော်ဝေစိုးနဲ့ မေးမြန်းခန်းကို ဒီဇင်ဘာ ၂၉ ရက်က ဖော်ပြခဲ့ရာ စစ်တပ်ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်း တုန့်ပြန်ဖို့ ပြင်ဆင်ထားတာတွေကို ဝန်ကြီးက ရှင်းပြခဲ့ပြီး လာမယ့်နှစ်သစ်မှာ စစ်တပ်အထိနာအောင် တိုက်ခိုက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တာပါ။

“ ၂၀၂၆မှာ ဘာဖြစ်မလဲဆိုတာ တိတိကျကျ ပြောဖို့ ခက်ပေမယ့် ကျနော်တို့ တတွေအခုလိုမျိုး ပြည်သူလူထုရဲ့ ပါဝင်မှု တော်လှန်ရေးအင်အားစုများရဲ့ ဒီနေ့ တော်လှန်ရေးအပေါ်မှာ ပိုမိုပြီး နားလည်လာမှု သုံးသပ်နိုင်မှုတွေကြောင့် ပိုမိုအားကောင်းတဲ့ ခြေလှမ်းအသစ်တွေ လှမ်းနိုင်လိမ့်မယ်လို့ ကျနော် ၂၀၂၆ကို ယုံကြည်ပါတယ်။၂၀၂၆မှာ ကျနော်တို့ တော်လှန်ရေး အောင်မြင်စွာ အဆုံးသတ်နိုင်မှာ မဟုတ်သေးပေမယ့် အောင်မြင်တဲ့ လမ်းပေါ်ကို သေချာပေါက်ရောက်မယ့်နှစ်လို့ ကျနော်ယုံကြည်ပါတယ်” လို့ ဝန်ကြီးက ပြောကြားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်တပ်က ရွေးကောက်ပွဲ ကျင်းပမယ့်လို့ စတင်ကြေညာကတည်းက တော်လှန်ရေးအင်အားစုတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကြိုတင် ပြင်ဆင်မှုတွေ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“ တော်လှန်ရေးအစကတည်းက ဒီလို အခင်းအကျင်းမျိုး ဖြစ်ပေါ်လာလိမ့်မယ်ဆိုတာ ကျနော်တို့တတွေအားလုံး တွေးခေါ်ထားကြပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒါအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်။ အကောင်အထည်ဖော်မှုတွေရှိနေတယ်။ ဒါနဲ့ပတ်သက်ပြီး ဥပဒေ ကြေညာချက်တွေ အစီအမံ တွေ ပြုလုပ်နေတယ်ဆိုတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။ အတုအယောင်ရွေးကောက်ပွဲမတိုင်ခင်၊ အတုအယောင်ရွေးကောက်ပွဲကာလ၊ အတုအယောင် ရွေးကောက်ပွဲအပြီး ဒါအတွက် ကျနော်တို့ တတွေ အင်အားစုတွေ အချင်းချင်းကြားမှာရော တစုချင်း တဖွဲ့ချင်းရော ဒါနဲ့ပတ်သက်ပြီး စီမံဆောင်ရွက်မှုတွေရှိပါတယ်”လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

နိုင်ငံရေး၊ စစ်ရေး၊ မဟာမိတ်ဆက်ဆံရေး၊ အုပ်ချုပ်ရေးပိုင်း အစရှိတဲ့ ဘက်စုံကဏ္ဍစုံကနေ စစ်ကောင်စီကို အသာစီးရဖို့အတွက် စီစဉ်ဆောင်ရွက်နေတာဖြစ်တယ်လို့ ရှင်းပြပါတယ်။

” ဒါကြောင့် စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲအပြီးမှာ ကျနော်တို့ရဲ့ အရှိန်အဟုန်နဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့အညီ စစ်ကောင်စီကို အသာစီးရ ထိုးနှက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးမှာ ပြည်သူတွေ ပါဝင်မှု ၊ ပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အား နဲ့ပတ်သက်ပြီး အလေးပြုကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

” အိမ်တွေမီးရှို့ခံရ၊ အညှင်းပမ်းအနှိပ်စက်ခံရ၊ အသတ်ဖြတ်ခံရပေမယ့် ဘယ်လောက်ပဲ ဗုံးကြဲကြဲ တော်လှန်ရေးနဲ့ အတူရှိနေတယ် ပြည်သူတွေဟာ ပြတ်သားပြီးသား ဆုံးဖြတ်ပြီးသား ဖြစ်နေတာကို တွေ့ရပါတယ်။ …။ ဒီနေ့ တော်လှန်ရေးအောင်မြင်မယ်လို့လည်း ယုံကြည်တယ် ပြည်သူတွေကိုလည်း ဒီနေရာကနေ အလေးပြုပါတယ်။ ဒီပြည်သူတွေရဲ့ အားကြောင့် ကျနော်တို့ တော်လှန်ရေး သေချာပေါက် အောင်မြင်မယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည်တယ်” လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ပြည်သူတွေဟာ ပါဝင်ပြီးသား အားကောင်းပြီးသား ဆုံးဖြတ်ပြီးသား ပြတ်သားပြီးသားဖြစ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာန အနေနဲ့လည်း ပြည်သူတွေ မျှော်လင့်နိုင်တဲ့ အချက် လေးချက် လုပ်ဆောင်သွားမယ့်အကြောင်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးပါတယ်။

ပြည်သူလူထုပိုပြီးတော့ တော်လှန်ရေးမှာပါဝင်နိုင်ဖို့ ပြည်သူလူထုဝန်ဆောင်မှုတွေ ပိုပေးမယ်၊ စီမံခန့်ခွဲအုပ်ချုပ်မှု တရားဥပဒေစိုးမိုးမှု ပြည်သူလူထုဝန်ဆောင်မှုတွေကို ကောင်းမွန်စွာ စီမံနိုင်ဖို့ အတွက် စီမံခန့်ခွဲအုပ်ချုပ်မှု စနစ် တည်ဆောက်မယ်၊ စာရင်းဇယားမှန်ကန်စွာ ထားရှိရေး မှန်ကန်တဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရေး ဦးစားပေးဆောင်ရွက်မယ်၊ အဂတိလိုက်စားမှုကိုလုံး၀ လုံး၀ ခွင့်လွှတ်နိုင်မှာမဟုတ်လို့ အဓိကထား တိုက်ဖျက်မယ်လို့ ဝန်ကြီးက ပြည်သူတွေ မျှော်လင့်နိုင်တဲ့ အချက်လေးချက်ကို ပြောပါတယ်။

” ပြည်သူလူထုကို လည်းဒီနေရာမှာ တောင်းဆိုလိုပါတယ်။ ကျနော်တို့ကို အကြံဉာဏ်တွေပေးပါ။ ကျနော်တို့ကို ထောက်ပြ ဝေဖန်ပါ။ ကျနော်တို့ကို ဆက်လက်ပြီးတော့ ပါဝင်ပေးပါ တွန်းအားပေးပါလို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။” ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှာ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေ ပါဝင်လာနိုင်ရေး လာမယ့်သုံးလာအတွင်း ပိုမိုချိတ်ဆက်မှု လုပ်သွားမယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ၂၀၂၅အတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီကနေ့ ဒီဇင်ဘာ ၁၈ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ် အစည်းအဝေးသို့ ရှင်းလင်းတင်ပြခဲ့ရာ စစ်ရေးနည်းလမ်းအရဆောင်ရွက်ချက်တွေကို ထည့်သွင်း အသိပေးခဲ့ပြီး ၂၀၂၅အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အားလုံး ကွပ်ကဲမှုတခုတည်းအောက် စုစည်းခြင်း ဆောင်ရွက်ခဲ့ဟု အသိပေးပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတိုင်းပြည်အနာဂတ်သည်တအာင်းတပ်မတော်(TNLA) အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်အပါအဝင် ခေါင်းဆောင်များ၏ ပုခုံးပေါ်ရောက်ရှိနေကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း အတူတူ ပူးပေါင်းလုပ်ဆောင်ကြစို့ဟု တုန့်ပြန်ပြောကြားခဲ့သည်။

သတင်း

NUG ပြုပြင်​ပြောင်းလဲ​ရေးလုပ်​နေပြီး ပြည်တွင်း၌ ဝန်ကြီး ၉ ဦးအ​ခြေချအလုပ်လုပ်​နေဟုဆို