ဒရုန်း ၂၄ စီးဖြင့် တိုက်ခိုက်ပြီး အရာရှိ ၂ဦးအပါအဝင် ၆ဦးထက်မနည်းထိခိုက်၊ Y12 လေယာဥ်နှစ်စီးနှင့် အခြားအဆောက်အအုံများပျက်စီးဟုဆို
ဇေအောင်/People’s Spring
တစ်လေးလုံး ရွှေလင်းယုန်ဒရုန်းအထူးစစ်ဆင်ရေးအဖြစ် မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)တို့အား ဒရုန်း ၂၄စီးဖြင့်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် ၆ဦးထက်မနည်း ထိခိုက်ခဲ့ပြီး Y12 လေယာဥ်နှစ်စီးနှင့် အခြားအဆောက်အအုံများ ထိခိုက်ပျက်စီးကြောင်း မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ဦးနောင်ချိုက ပြောသည်။
ယမန်နေ့(နိုဝင်ဘာ ၁၁ရက်) နံနက် ၄နာရီကစ၍ စစ်ကောင်စီအဖွဲ့ဝင် အများအပြားစိုးမိုးထိန်းချုပ်ရာမြို့ဖြစ်သော မိတ္ထီလာမြို့ရှိ လကသ (လေကြောင်းအတတ်သင်)အရာရှိအိမ်ရာ၊ခဲယမ်းသိုလှောင်ရုံ၊လထခ(လေကြောင်းထုတ်လုပ်) အရာရှိရိပ်သာနှင့် တပ်မ (၉၉ )ဌာနချုပ်နေရာများအား ဒရုန်း ၂၄ စီးဖြင့်တိုက်ခိုက်ခဲ့ရာ ရှမ်းတဲလေတပ်နှင့် ထိစပ်နေသည့် ထုတ်လုပ်ရေးတပ်များ ပျက်စီးမှုများပြားခဲ့ကြောင်း မိတ္ထီလာမြို့နယ်ပကဖတာဝန်ခံ ဦးနောင်ချိုက ပြောသည်။
“ထိခိုက်ပျက်စီးမှုက တော်တော်များပါတယ်။ ရှမ်းတဲနဲ့ ၉၉ ကို အဓိကထားတဲ့အတွက် ရှမ်းတဲမှာ Y12 လေယာဥ်နှစ်စီးထိပါတယ်။ ထုတ်လုပ်ရေးဂိုဒေါင်နှစ်ခု ထိခိုက်တယ်။ အဆောက်အဦးနှစ်ခု ထိခိုက်တယ်။ ရှမ်းတဲက ဗိုလ်မှူးတစ်ယောက်နဲ့ လမသက ဗိုလ်မှူးတစ်ယောက်၊ စစ်သည်လေးဦးထက် မနည်း ထိခိုက်ခဲ့ပါတယ်။”ဟု ဦးနောင်ချိုက ပြောသည်။
စစ်ဆင်ရေးအား တစ်နှစ်အချိန်ယူ၍ ပြင်ဆင်ခဲ့ပြီး တစ်လေးလုံး ရွှေလင်းယုန်အထူးစစ်ဆင်ရေးအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်ပံ့ကူညီမှုဖြင့် Shar Htoo Wow နည်းပညာအသုံးပြုကာ မိတ္ထီလာ မြို့နယ် ပကဖ၊မိတ္ထီလာ ဒရုန်းတပ်ဖွဲ့၊မိတ္ထီလာ တပ်ရင်း (၃)၊၁၈၂၅ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊မြင်းခြံခရိုင် တပ်ရင်း (၈)၊ အမည်မဖော်လိုသည့် မဟာမိတ်အဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
“နေရာအနှံ့မှာ ပြည်သူတွေကို ဗုံးကြဲနေတဲ့ စကစ လေတပ်ကို ပစ်မှတ်ထားပြီး Mission ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။”ဟု မိတ္ထီလာမြို့နယ် ပကဖတာဝန်ခံ ဦးနောင်ချိုက ပြောသည်။
တိုက်ခိုက်မှုအပြီးတွင် ရှမ်းတဲလေတပ်မှ သတင်းအမှောင်ချရန် စစ်သည်မိသားစုများ၏ တယ်လီဖုန်းများများအား သိမ်းဆည်းခဲ့ကြောင်း၊ ထို့အပြင် မီးသတ်ကားနှစ်စီးလည်း ဝင်ရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း ဦးနောင်ချိုက ဆိုသည်။
ယင်းစစ်ဆင်ရေးအတွင်း တစ်စီးလျှင် ၃၅သိန်းတန် ဒရုန်း ၇စီး ပျက်ကျဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
မိတ္ထီလာမြို့ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန်၊ပူးပေါင်းပါ၀င်အားပေးဆောင်ရွက်ခြင်းမပြုလုပ်ရန်၊မိတ္ထီလာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများနှင့် အခြားဝန်ထမ်းများ ပြည်သူနှင့်အမြန်ဆုံးပူးပေါင်းရန်၊လုပ်ငန်းရှင်များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုလုပ်ရန်နှင့် မိတ္ထီလာမြို့ကို ဝင်ရောက်လာတော့မည်ဟု Meiktila Revolution Force အဖွဲ့က သတိပေးထားသည်။
ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)တို့သည် တော်လှန်ရေးအဖွဲ့များ၏ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရမှုလည်း ဖြစ်သည်။
တိုက်ခိုက်မှုကြောင့် လေတပ်ထိန်းချုပ်ခွဲရုံးရှိသော စုမှူးဗိုလ်ကြီး တစ်ဦးနှင့် စစ်သားလေးဦး နေရာတွင် သေဆုံးခဲ့ပြီး အဆောက်အဦးအချို့လည်း ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် လေယာဥ်အပိုပစ္စည်းထားသည့် အဆောက်အအုံ မီးလောင်ပျက်စီးခဲ့၍ စက်ပြင်စစ်သား နှစ်ဦး မီးလောင်သေဆုံးခဲ့သည်ဟု သတင်းရရှိထားကြောင်း Voice Of Wundwin အဖွဲ့က ပြောသည်။
ထို့ပြင် လေကြောင်း အချက်ပြစက် ၃လုံးနှင့် ခဲယမ်းတပ်ဆင်သည့် စက် ၃လုံးပျက်စီးခဲ့ကြောင်း Voice Of Wundwin အဖွဲ့က ဆိုသည်။
တပ်တွင်းသတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးကလည်း တိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံး ၊ ကာမေကာဇေ Fix Wing ဒရုန်းများဖြင့် ၁၄လုံး ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ရှမ်းတဲ လေဆိပ် Apron(ဥပစာ)နှင့် လေယာဥ်ထုတ်လုပ်လုပ်ပြင်ဆင်ရေးဌာနချုပ်(လထခ)ဘက်သို့ ၄လုံးခန့်ကျရောက်ခဲ့ကြောင်း၊ ရှမ်းတဲ လေတပ်စခန်းရှိ Y12 လေယာဥ်ထားသည့်ရုံဘေးကိုလည်း ကာမေကာဇေ Fix Wing ဒရုန်းတစ်လုံး ကျရောက်ကာ ထိခိုက်ပျက်စီးမှုရှိကြောင်း ပြောသည်။
တိုက်ခိုက်ခံရချိန်က မိတ္ထီလာမြို့ကောင်းကင်တွင် တောင်မှ မြောက်သို့ မီးတန်း ၁၀ခု ခန့်တွေ့လိုက်ရပြီး ပေါက်ကွဲသံများကြားလိုက်ရကြောင်း ဒေသခံအချို့က ပြောသည်။
“ရန်ကုန် – မန္တလေးလမ်းဟောင်း Max & Petro 7 ဆီဆိုင်နားက (၃၀၅)အမြောက်တပ်ထဲလည်း ကျတယ်ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
သို့သော် စစ်အုပ်စု၏ ထိခိုက်မှုများအား ထပ်မံအတည်ပြု၍ မရသေးပေ။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မိတ္ထီလာမြို့တွင်း၊ မြို့ပြင် စစ်ဆေးရေး တင်းကြပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“မြို့နေရာအနှံ့စစ်ဆေးရေးတွေ လုပ်နေတယ်။ရှမ်းတဲနားက ရွာတွေဘက်မှာလည်း စစ်တာဆေးတာတွေလုပ်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ရှမ်းတဲလေတပ်စခန်းသည် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းများရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်နေသည့် လေတပ်စခန်းတစ်ခုဖြစ်သည်။
နိုဝင်ဘာ ၅ ရက်ကလည်း ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေတပ်စခန်း၊ နိုဝင်ဘာ ၉ရက်တွင် မှော်ဘီလေတပ်စခန်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသေးသည်။