ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းခံရသော ၂လသက်တမ်းရှိ စစ်သားတစ်ဦးအား တော်လှန်ရေးရဲဘော်များက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၁ ရက်က ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ အသက် (၁၈) နှစ်အရွယ် စစ်သားတစ်ဦးသည် တော်လှန်ရေးအဖွဲ့များ စိုးမိုးထားသော နယ်မြေသို့ လမ်းမှားဝင်ရောက်လာ၍ ဖမ်းဆီးနိုင်ခဲ့ကြောင်း Young Force – UGအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သူက စစ်မှုထမ်းဥပဒေနဲ့ အတင်းအကြပ်အခေါ်ခံရတာ။ ပြည်သူ့စစ်ပဲပြောပါတော့။ သူတို့တာဝန်ကျတဲ့ဂိတ်ကနေ အပြင်ထွက်တုန်းမိတာ။ သူက အရင်က ပခုက္ကူမြို့ပေါ်ဂိတ်မှာတာဝန်ကျတာ။ အခုဖမ်းမိတဲ့နေရာကို ရောက်တာမကြာသေးဘူး။ သုံးလေးရက်ပဲရှိဦးမယ်။”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
အဆိုပါစစ်သားသည် စစ်မှုထမ်းသက် ၂ လသာရှိပြီး စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် လာရောက်ခေါ်ဆောင်ခဲ့ရာမှ စစ်တပ်အတွင်း ရောက်ရှိခဲ့သည်ဟု ထွက်ဆိုထားကြောင်း Young Force – UGအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းထံမှ ကာဘိုင် သေနတ် တစ်လက် ကျည်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Young Force – UGအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ စစ်သားအား Pakokku People Defense Force ( PPDF ) နှင့် Young Force U.G တပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အလားတူ မကွေးတိုင်းအရှေ့ခြမ်းရှိ ဒေသတစ်ခုတွင်လည်း အဓမ္မစစ်မှုထမ်းခံရသည့် စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်တော်၊ တပ်ရင်း(၇) ကြိုးကြာနီတပ်ရင်းက သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့အာဏာသက်ရောက်နေဆဲဖြစ်သည့် ဒေသများတွင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များအား ဆင့်ခေါ်ခြင်း၊ အတင်းအဓမ္မ ဖမ်းဆီး၍ စစ်မှုထမ်းခိုင်းခြင်းများ ပြုလုပ်နေပြီး စစ်မှုထမ်းသင်တန်း အပတ်စဥ်(၇)အား စတင်ရန် ကြိုးပမ်းနေသည်။