“၀ပြည်တောင်ပိုင်း ၁၇၁ ဒေသဧရိယာ အတွင်း တပ်စခန်း ၉ခု ဖယ်ခိုင်းတာ မှန်ပါတယ်။ ဒီလိုကိစ္စမျိုးကိုကျနော်တို့နဲ့မပြီးဘူး။ နိုင်ငံတော်အချင်းချင်းဆွေးနွေးရမယ့် ကိစ္စ ရပ်ဖြစ်တယ်။”
ဦးညီရန်း(UWSAလားရှိုးဆက်ဆံရေးရုံးတာဝန်ခံ)
မြန်မာ-ထိုင်းနယ်စပ်ရှိ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) တပ်စခန်း ၉ခုကို ဖယ်ပေးရန် ထိုင်းဘက်က တောင်းဆိုထားကြောင်း UWSA ပြင်ပဆက်ဆံရေးရုံး တာဝန်ရှိသူ ဦးညီရန်းက အတည်ပြုသည်။
ထိုင်းဘက်က ဖယ်ခိုင်းသည့် တပ်စခန်းများမှာ ၀တောင်ပိုင်း ၁၇၁ စစ်ဒေသရှိ တပ်စခန်းများ ဖြစ်သည်ဟုသိရသည်။

“၀ပြည်တောင်ပိုင်း ၁၇၁ ဒေသဧရိယာ အတွင်း တပ်စခန်း ၉ခု ဖယ်ခိုင်းတာ မှန်ပါတယ်။ ဒီလိုကိစ္စမျိုးကိုကျနော်တို့နဲ့မပြီးဘူး။ နိုင်ငံတော်အချင်းချင်းဆွေးနွေးရမယ့် ကိစ္စ ရပ်ဖြစ်တယ်။” ဟု UWSA လားရှိုး ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောသည်။

Public Service Announcement
ထိုင်းဘက်က အကြောင်းကြားလာမှုကို နိုင်ငံတော် ခေါင်းဆောင်ပိုင်းသို့ သတင်းပို့ပြီဟု၎င်းကဆိုသည်။ ၀တပ်ဖွဲ့သည် အာဏာသိမ်း စစ်ကောင်စီ နှင့် ထိတွေ့ဆွေးနွေးမှုရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။
လက်ရှိတွင် ထိုင်းဘက်က အင်အားတိုးနေသည်ဟု သိရကြောင်းလည်း ဦးညီရန်းကဆက်ပြောသည်။
“ကျနော်တို့ဘက်ကတော့ ပုံမှန်အခြေအနေပါပဲ” ဟု ဦးညီရန်းကပြောသည်။
UWSA ၁၇၁ စစ်ဒေသသည် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်းတည်ရှိသည်။

ထိုင်းနိုင်ငံ ၊မဲဟောင်ဆောင် ပြည်နယ် ၊ပိုင်ခရိုင်နှင့်ထိစပ်နေသော ထိုင်း-မြန်မာ နယ်စပ်ရှိ UWSA တပ်စွဲထားသော စခန်း ၇ ခုကို ဒီဇင်ဘာ ၁၈ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် ထိုင်းစစ်တပ်က တောင်းဆိုထားကြောင်း ထိုင်းသတင်းဌာန Khaosod English က ရှမ်းပြည်နယ်မှ သတင်း ရင်းမြစ်များအားကိုးကား၍ သတင်းရေးသားသည်။အခြေအနေမှာ တင်းမာနေပြီး ထိုင်းဘုရင့်တပ်မတော်က ဟောင်ဝစ်ဇာ အမြောက်များကိုပါ ပစ်ခတ်ရန်အသင့်ပြင်ထားပြီးစစ်ရေးတင်းမာနေကြောင်းလည်း ဆက်လက်ဖော်ပြထားသည်။

အဆိုပါ ၁၇၁ စစ်ဒေသနယ်မြေ နယ်စပ်ဒေသ၌ နယ်မြေအငြင်းပွားမှုနှင့်ပတ်သက်ပြီး ၀တပ်ဖွဲ့ UWSAနှင့် ထိုင်းအကြား ယခင်ကတည်းက ပြဿနာအချို့ရှိခဲ့သည်။
၁၇၁ စစ်ဒေသ အနေဖြင့် ဩဂုတ်လကုန်ပိုင်းက စစ်မှုထမ်းရန်နှင့်ပတ်သက်သည့် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဝ တောင်ပိုင်းဒေသတွင်းနေထိုင်ပြီး ပြည်ပ နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ကြသည့် ၀ အမျိုးသားများ နေရပ် အမြန်ဆုံးပြန်လာပြီး စာရင်းပေးသွင်း စစ်မှုထမ်းရန် ဖော်ပြထားသည်ဟု Wa News Land က ၁၇၁ စစ်ဒေသ တာဝန်ရှိသူ တစ်ဦးကို ကိုးကားပြီးသတင်းဖော်ပြခဲ့သည်။


















































