▪︎ထိုင်းပိုင်နက်ကို လက်ရှိထက် ပိုပြီး နယ်ကျော် တပ်ဖြန့်လာမှသာ ထိုင်းဖက်က အလွတ်သဘော သတ်မှတ်ထားတဲ့ နယ်ခြားမျဉ်းရဲ့ တစ်ဖက်စီ ဖိအားပေး မောင်းထုတ်သွားမယ်လို့ပြော
-People’s Spring
ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)က ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင် ပြည်နယ်ထဲက ထိုင်းပိုင်နက်ကို လက်ရှိထက် ပိုပြီး နယ်ကျော် တပ်ဖြန့်လာမှသာ ထိုင်းဖက်က အလွတ်သဘောသတ်မှတ်ထားတဲ့ နယ်ခြားမျဉ်းရဲ့ တစ်ဖက်စီ ဖိအားပေး မောင်းထုတ်သွားမယ်လို့ ထိုင်း ဒုတိယ ဝန်ကြီးချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့တုန်းက ထိုင်းစစ်တပ်က ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ UWSA စခန်းတွေဟာ ထိုင်းပိုင်နက်ထဲ ရောက်နေတယ်လို့ စွပ်စွဲပြီး ရုပ်သိမ်းပေးဖို့ UWSAကို အကြောင်းကြားထားတဲ့နောက် နယ်စပ်မှာ တင်းမာမှုတချို့ ဖြစ်ပေါ်ခဲ့ပါတယ်။ Thai Enquirer သတင်းဌာနရဲ့ အစောပိုင်း ဖော်ပြချက်အရ ထိုင်းရဲ့ တောင်းဆိုမှုကို မလိုက်လျောဘဲ UWSAက ဒီဇင်ဘာ လလယ်ထိ မဆုတ်ခွာဘူးဆိုရင် စစ်ရေးအရ ကိုင်တွယ်ဖို့အတွက် ထိုင်းစစ်တပ်က လက်နက်ကြီးတွေကိုပါ စတင် ဖြန့်ကျက်နေပြီလို့ သိရပါတယ်။
တစ်ဖက်မှာလည်း UWSAက ပိုင်နက်နယ်မြေ ကျူးကျော်တယ်ဆိုတဲ့ ထိုင်းရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပြီး ထိုင်းဖက်က တိုက်ခိုက်လာရင် လက်တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။
ဒုတိယ ဝန်ကြီးချုပ် ဖုမ်သမ် ဝီချာယာချိုင်ကတော့ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ထိုင်းနိုင်ငံ ထိစပ်တဲ့ နေရာမှာ UWSAနဲ့ နယ်မြေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတာ နှစ်ရှည်လများ ရှိခဲ့ပြီ ဖြစ်သလို လက်ရှိကာလမှာ အကြီးစား ပြဿနာ တစ်ခုအဖြစ် ပိုဆိုးမလာသင့်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
လက်ရှိ ပြဿနာရဲ့ အဓိက အကျဆုံး အကြောင်းတရားကတော့ အဲဒီဒေသမှာ နယ်ခြားသတ်မှတ်ချက်က တိတိကျကျ ရေးဆွဲထားခြင်း မရှိတာလို့လည်း သူက ဆိုတယ်။
UWSAဟာ ရှိရင်းစွဲ တပ်စခန်း ချထားတဲ့ နေရာတွေကနေ ရှေ့တိုးလာတာ မရှိသလို စစ်ရေးအရ ရန်လိုနေကြတဲ့ အခြေအနေလည်း မဟုတ်ဘူးလို့ ဒုတိယ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
နယ်မြေ အငြင်းပွားမှုတွေမှာစစ်ရေးကသာတစ်ခုတည်းသော ဖြေရှင်းမှု နည်းလမ်း မဟုတ်ဘဲ သံတမန်ရေးရာ ဆွေးနွေးမှုတွေကနေလည်း ချဉ်းကပ်နိုင်တယ်လို့ သူက ဆိုပါတယ်။ အခုလည်း ထိုင်းစစ်တပ်ဟာ လိုအပ်တဲ့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ ဒုတိယ ဝန်ကြီးချုပ်က ဆက်ပြီးပြောပါတယ်။
အရင်တုန်းက အခုပြဿနာနဲ့ ပတ်သက်လို့ ထိုင်းဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနဆီ တိုင်တန်း အရေးဆိုခဲ့ဖူးပေမယ့် ပြည်တွင်းရေး ပြဿနာနဲ့ ပတ်သက်လို့ အရေးယူနိုင်စွမ်း မရှိဘူးလို့ စစ်ကောင်စီဖက်က တုံ့ပြန်ခဲ့ပါတယ်။
UWSAက မော်တာတွေ ဖြည့်တင်းပြီး နယ်စပ်မှာ စစ်ရေးပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ ဖုမ်သမ်က စစ်လက်နက်တွေက နှစ်ဖက်စလုံးမှာ ပိုင်ဆိုင်ထားတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်းဖက်ကလည်း ကိုယ်ပိုင် စစ်လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေ၊ ရိက္ခာတွေကို ဖြည့်တင်းနေကြောင်း၊ အဲဒီအချက်ဟာတင်းမာမှုတွေ မြင့်တက်လာတာကြောင့် စစ်ပြင်နေတယ်ဆိုတဲ့ အဓိပ္ပါယ်လို့ တစ်ဖက်သတ် မယူဆနိုင်ကြောင်း ဒုတိယ ဝန်ကြီးချုပ်က မှတ်ချက် ပေးသွားခဲ့ပါတယ်။
သူက အဲဒီဒေသရဲ့ စစ်ရေး အစီအမံတွေကို ကွပ်ကဲနေတဲ့ အမှတ် ၃ စစ်ဒေသ ဌာနချုပ်ဆီက အစီရင်ခံစာကို နိုဝင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ လက်ခံရရှိထားပြီး အခြေအနေက တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ အတည်ပြုနိုင်ကြောင်းလည်း ပြောကြားသွားပါတယ်။
ကိုးကား: Thai Enquire