ဇေအောင်/People’s Spring
လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ယနေ့(နိုဝင်ဘာ၃၀ရက်) ညဦးပိုင်းတွင် ၎င်းသွားရောက်ခဲ့သည့်ဒေသများ၊ တွေ့ဆုံခဲ့သည့် မန္တလေး PDF ခေါင်းဆောင်များ၊ မန္တလေးတော်လှန်ရေး နိုင်ငံရေးခေါင်းဆောင်များ၊ NUG-MOD နှင့် စစ်ရုံးချုပ်ခေါင်းဆောင်များ၏ဓာတ်ပုံမှတ်တမ်းများအား ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတဆင့်ဝေမျှခဲ့ရာ NUG၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မန္တလေး PDF၏ ထိန်းချုပ်ရာဒေသများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်ကို တွေ့ရသည်။
ခန္ဓာကိုယ် ပိုစစ်သွားသည့်ဝန်ကြီးဦးရည်မွန်အား ဒေါက်တာတေဇာစန်းနှင့်အတူ PDF စစ်ရုံးချုပ် တာဝန်ရှိသူများ၊ မန္တလေး PDFတာဝန်ခံ ကိုမုန်တိုင်း၊ မန္တလေးPDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်၊ အခြားစစ်ဦးစီးအဖွဲ့ဝင်များနှင့်အတူ မန္တလေး PDF ထိန်းချုပ်နယ်မြေ၌ ကွင်းဆင်းခဲ့သည်ကို တွေ့ရှိရသည်။

ဝန်ကြီးကွင်းဆင်းခဲ့သည့် နေ့ရက်၊ ဒေသနှင့် အခြားသတင်းစကားများကိုမူ ကိုတေဇာစန်းက အသိပေးထားခြင်းမရှိပေ။

Public Service Announcement
ကာကွယ်ရေးဝန်ကြီး လာရောက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူအား ဆက်သွယ်မေးမြန်းထားပြီး တစုံတရာမှတ်ချက်ပေးခြင်း မရှိသေးပေ။
လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ဝန်ကြီး၏ ကွင်းဆင်းပုံရိပ်များနှင့်အတူတနိုင်ငံလုံးတော်လှန်ရေး၊ မန်းဒေသတော်လှန်ရေးသည် ခြေလှမ်းမှန်မှန်ဖြင့် ရှေ့ကို ချီတက်နေသည်ဟု အသိပေးသည်။

“တော်လှန်ရေးဆိုတာ လိုတာထက်ပိုပြီး ကြာမြင့်သွားရင်လည်း မကောင်းပါဘူး။ အရင်းအနှီးနဲ့ ဘေးထွက်အကျိုးဆက်တွေက ကြီးလွန်းအားကြီးပါတယ်။ ဒါ့ကြောင့် ပြည်သူများနဲ့တကွ တော်လှန်ရေးအင်အားစုများအားလုံးက ကိုယ့်အလုပ်ကို အကောင်းဆုံး လုပ်ကြဖို့ အရေးကြီးပါတယ်။”ဟု ဒေါက်တာတေဇာစန်းက ၎င်း၏အမြင်ကို ရေးသားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် တော်လှန်ရေးတပ်ဦးတာဝန်ယူထားသည့် NUG တော်လှန်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီးများ (EROs)များအကြား ယခုထက်ပိုပြီး လက်တွဲညီညီ၊ ဟန်ချက်ညီညီဖြစ်ကြရန် မျှော်လင့်နေသည်ဟုလည်း ရေးသားခဲ့သည်။

“အထူးသဖြင့်၊ NUG တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ အခွန်ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲကိုင်တွယ်မှုတွေကို အခုထက်ပိုပြီး တော်လှန်ရေးနဲ့ အပ်စပ်ကိုက်ညီပြီး ထိထိမိမိ၊ ထက်ထက်မြက်မြက်ဖြစ်ဖို့ မျှော်လင့်နေကြပါတယ်။”ဟု ရေးသားခဲ့သည်။
NUGကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် ၂၀၂၂ ဧပြီက ရှေ့တန်းစစ်စခန်းတနေရာ၌ ရဲဘော်များနှင့်အတူရှိနေကြောင်း ဓာတ်ပုံမှတ်တမ်းများအား စတင်ထုတ်ပြန်ခဲ့သည်။ ထို့နောက် ဝန်ကြီးသည် တိုက်ပွဲများပြင်းထန်နေသော စစ်ကိုင်းတိုင်းအတွင်းထိပါ ရောက်ရှိလာခဲ့သည်ကို NUG၏ ထုတ်ပြန်ချက်များအရ တွေ့ရှိရသည်။

ဝန်ကြီး ဦးရည်မွန်သည် ယခုနှစ်၂၀၂၄ ခုနှစ် အောက်တိုဘာအတွင်းကလည်း သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သို့ သွားရောက်စစ်ဆေးပြီး အောင်ပွဲရရဲဘော်များအား အားပေးခဲ့သည်။
ယခုအခါ ဝန်ကြီးဦးရည်မွန်သည် မန္တလေး PDF သိမ်းပိုက်ထားသော မန္တလေးနှင့် မိုင်တစ်ရာဝန်းကျင်(ခန့်မှန်း)သာဝေးမည့်ဒေသများသို့ ရောက်ရှိလာခြင်းဖြစ်သည်။


















































