Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်း​ဆောင် DSAကျောင်းဆင်းပွဲလာခါနီး တိုက်ပွဲများ ပြင်ဦးလွင်နှင့် ပိုနီးလာ

တိုက်ပွဲများဖြစ်ပွားသည့်ရက်က ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု ပြင်ဦးလွင်မြို့ခံအချို့က ပြောသည်။

(ပြင်ဦးလွင်မြို့စျေးအနီးရှိ နာရီစင်အား တွေ့ရစဉ်။ ဓာတ်ပုံ − အေအပ်ပီ)
(ပြင်ဦးလွင်မြို့စျေးအနီးရှိ နာရီစင်အား တွေ့ရစဉ်။ ဓာတ်ပုံ − အေအပ်ပီ)

ဒီးဒီ/People’s Spring

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်တက်ရောက်မည့် စစ်တက္ကသိုလ်(DSA)ကျောင်းဆင်းပွဲပြုလုပ်မည့်ရက်နီးကပ်လာချိန်တွင် ​နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်ကြားဖြစ်ပွား​နေ​သော တိုက်ပွဲများမှာ ပြင်ဦးလွင်မြို့နှင့် တဖြည်းဖြည်းနီးကပ်လာနေပြီ ဖြစ်သည်။

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၆)မိုင်ခန့်သာဝေးသော ဘန့်ဘွေးကျေးရွာအနီးသို့ပါ တော်လှန်ရေးတပ်ဖွဲ့များက ရှေ့တိုး တိုက်ခိုက်လာခြင်း ဖြစ်​ကြောင်း စုံစမ်းသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့်ရက်ပိုင်းအထိ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာလမ်းခွဲဝန်းကျင်၌သာ ရှိနေရာ ဒီဇင်ဘာ ၂ရက်နှင့် ၃ရက် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီးနောက် အုမ္မသီးကျေးရွာမှ ဘန့်ဘွေးကျေးရွာအနီးတွင်ပါ တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်သည်ဟု ဘန့်ဘွေးရွာခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဘန့်ဘွေးနှင့် အုမ္မသီးကျေးကျေးရွာသည် သုံးမိုင်​ကျော်ကွာ​ဝေးပြီး မန္တလေး−လားရှိုးလမ်းမကြီးဘေးတွင်ရှိသည်။

ဒီဇင်ဘာ ၂ ရက်က အဆိုပါနယ်မြေအတွင်း တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒီဇင်ဘာ ၃ရက်တွင်မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဘန့်ဘွေးရွာခံများက ပြောသည်။

“ဒီဘက်(​တော်လှန်​ရေးတပ်များ)က ရှေ့တိုးလာတယ်။ဒီနေ့တော့တိုက်ပွဲငြိမ်နေတယ်”ဟု ဘန့်ဘွေးရွာခံတစ်ဦးက ပြောသည်။

နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စုရှိ ဂန့်ဂေါကျေးရွာအနီးတွင်မူ တအာင်းတပ်မတော်(TNLA)၊မန္တလေး PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ ၁၉ရက်ကတည်းက စတင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများဆက်တိုက်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က တဖြည်းဖြည်းရှေ့တိုးလာခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားသည့်ရက်က ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်ဟု ပြင်ဦးလွင်မြို့ခံအချို့က ပြောသည်။

ပြင်ဦးလွင်မြို့အရှေ့တောင်ဘက်၌ရှိသည့် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာတွင်လည်း တိုက်ပွဲ​များဆက်လက်ဖြစ်ပွားနေသည်။

လာမည့် ဒီဇင်ဘာ ၆ရက်တွင် ပြုလုပ်ရန်စီစဉ်နေသည့် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်(DSA)နှင့် တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) သင်တန်းဆင်းပွဲကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်မည်ဟု စစ်​ကောင်စီတပ် အသိုင်းအဝိုင်းမှ သိရသည်။

၎င်းလာရောက်မည့်အချိန်တွင် ပြင်ဦးလွင်မြို့အနီး ဝန်းကျင်၌ တိုက်ပွဲများဖြစ်ပွားနေခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီက နိုဝင်ဘာလနောက်ဆုံးပတ်ကစပြီး သံချပ်ကာတပ်များခေါ်ယူပြီး ပြင်ဦးလွင်မြို့ဝန်းကျင်ကို လုံခြုံ​ရေးချထားကြောင်း အဆိုပါမြို့ခံများက ပြောသည်။

DSA နှင့် DSTA ကျောင်းဆင်းပွဲမှာ ပုံမှန် ဒီဇင်ဘာပထမအပတ်အတွင်း ပြုလုပ်လေ့ရှိသည်ဟု ပြင်ဦးလွင်မြို့ခံများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြင်ဦးလွင်ကျောင်းဆင်းပွဲပြုလုပ်မည့်ရက်ကို အတိအကျထုတ်ဖော်ပြောဆိုလေ့မရှိတော့ဘဲ သတင်းလွှင့်ထားသည့်ရက်ထက် နောက်ဆုတ်ပြုလုပ်လေ့ရှိသည်ဟု မြို့ခံများက ပြောသည်။

ယခုနှစ်ပြုလုပ်မည့် ကျောင်းဆင်းပွဲမှာ ပြီးခဲ့သည့်နှစ်ထက် ပိုမိုလုံခြုံရေးတင်းကြပ်ထားသည်ဟု မြို့ခံများက ပြောသည်။

သို့​သော် ၂၀၂၄ ဧပြီ ၈ရက်တွင် အာဏာသိမ်း​ခေါင်းဆောင်နှင့် ဇနီး ပြင်ဦးလွင်​ရောက်​နေချိန်တွင် PDF များက စစ်တက္ကသိုလ်အပါအဝင် စစ်​ရေးပစ်မှတ်များကို ​ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရာ မင်း​အောင်လှိုင်မှာပြန်သွားခဲ့ပြီး ​ဒေါ်ကြူကြူလှသာ တပ်တွင်းသင်္ကြန်ပွဲသို့ တက်​ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ် ပွားပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

မန္တလေးနဲ့ ပြင်ဦးလွင်မြို့ကို စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်လာဖို့ရှိတာမို့ လုံခြုံရေးတွေချပြီး တင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆောင်းပါး

"ကျွန်​တော်တို့အညာကလည်း အချဥ် မဟုတ်ပါဘူးဗျ " နှစ်သစ် ၂၀၂၅မှာ အညာသား PDF တ​ယောက်က ဂုဏ်ယူဝံ့ကြွားစွာ​ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရွှေ‌သောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် မကျီးဇင်ကျေးရွာ၌ တိုက်ပွဲဖြစ်ခဲ့ပြီးအချင်းချင်းပြန်လည်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။