Connect with us

Hi, what are you looking for?

သတင်း

လူထုတော်လှန်ရေးတွင် PNO/PNA ပြန်လည်ပူးပေါင်းဆင်နွှဲရန် ပအိုဝ်း PNFCနှင့် PNLO ပူးတွဲဖိတ်ခေါ်

PNOမှတဆင့် ပအိုဝ်းလူထုများကို အတင်းအကြပ် စစ်သားစုဆောင်းနေခြင်း၊ ငွေကြေးကောက်ခံနေခြင်းများ ရှိနေသည်ဟု ဆိုသည်။

( ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့−ခမ်းကောင် (PNDF-KK)မှ ရဲဘော်များနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ရဲဘော်များ။ ဓာတ်ပုံ - PNLO၊ PNFC)
( ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့−ခမ်းကောင် (PNDF-KK)မှ ရဲဘော်များနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ရဲဘော်များ။ ဓာတ်ပုံ - PNLO၊ PNFC)

ဟန်နွေ/People’s Spring

လူထုတော်လှန်ရေးတွင်ပြန်လည်ပူးပေါင်းပါဝင်ဆင်နွှဲရန် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNO/PNAကို နှိုးဆော်တိုက်တွန်းကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ် ကောင်စီ (PNFC)နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့က ပူးတွဲ သဘောထား ဖော်ပြသည်။

ယနေ့ (ဒီဇင်ဘာ ၁၁ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ပအိုဝ်းတော်လှန်ရေးနေ့ ကြေညာချက်ကို PNFCနှင့် PNLOတို့က ပူးတွဲထုတ်ပြန်စဉ် ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော စစ်ကောင်စီ လက်အောက်ခံ PNO/PNAကို ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

” PNO အသွင်ပြောင်း ပြည်သူ့စစ်ကို ဒီတော်လှန်ရေးမှာပါဝင်ဖို့ ဖိတ်ခေါ်တဲ့ အဓိကအကြောင်းအရင်းကတော့ PNO/PNA စတင်ဖွဲ့စည်းစဥ်က ချမှတ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး စတဲ့ သူတို့မူတွေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီ မူတွေအတိုင်း ဒီအချိန်မှာ အဲဒီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကို အခုအချိန်မှာ လူထုတစ်ရပ်လုံးက လိုလားနေတဲ့ တောင်းတ တောင်းဆိုနေတဲ့ အရာဖြစ်တယ်။ PNOကလည်း စတင်ဖွဲ့စည်းစဉ်က အဲဒီမူတွေအတိုင်း ဖွဲ့စည်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်”ဟု PNLO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းက ဆက်လက်ပြီး “အဲဒါကြောင့်မို့လို့ အဲဒီမူတွေကို ပြန်လည်ကိုင်စွဲဖို့ လက်ရှိ မြန်မာပြည်သူတစ်ရပ်လုံး နောက် ပအိုဝ်းလူထုတွေလည်း လိုလားတဲ့ ကိစ္စလည်းဖြစ်တယ် နိုင်ငံရေး အခွင့်အရေးလည်းဖြစ်တဲ့အခါကျတော့ အဲဒီမူတွေကို ပြန်လည်ကိုင်စွဲဖို့ လူထုဆန္ဒအတိုင်း ဝိုင်းဝန်းလုပ်ဆောင်ဖို့ အဓိက တိုက်တွန်းတာဖြစ်ပါတယ်”ဟု ပြောသည်။

တစ်ဖက်တွင် စစ်ကောင်စီကလည်း PNO အသွင်ပြောင်း ပြည်သူ့စစ်ကို လုပ်ပိုင်ခွင့်များ ပေးပြီး စစ်အာဏာရှင်စနစ် မပြုတ်ကျရေးအတွက် အသုံးချနေသည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် PNOမှတဆင့် ပအိုဝ်းလူထုများကို အတင်းအကြပ် စစ်သားစုဆောင်းနေခြင်း၊ ငွေကြေးကောက်ခံနေခြင်းများ ရှိနေသည်ဟု ဆိုသည်။

PNOသည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး PNLO၏ တပ်ဖွဲ့ဖြစ်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နယ်မြေသို့ ထိုးစစ်ဆင်နေ၍ လတ်တလောတွင် ဆီဆိုင်နှင့် မောက်မယ်ဒေသ၌ တိုက်ပွဲများ ရှိနေသည်။

( ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့−ခမ်းကောင် (PNDF-KK)မှ ရဲဘော်များနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ရဲဘော်များ။ ဓာတ်ပုံ - PNLO၊ PNFC)
(ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့−ခမ်းကောင် (PNDF-KK)မှ ရဲဘော်များနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ရဲဘော်များ။ ဓာတ်ပုံ – PNLO၊ PNFC)

PNLOနှင့် PNFC၏ ပူးတွဲထုတ်ပြန်ချက်တွင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်နိုင်ခြင်းနှင့်အတူ ပြည်ထောင်စုအဖွဲ့ဝင် ပအိုဝ်းပြည် နယ်ပေါ်ထွန်းခြင်းဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်မှုတတိယတော်လှန်ရေး အောင်မြင်ပြီးပြည့်စုံ ရေးအတွက် သဘောထားများကို ဖော်ပြခဲ့ရာ” ပြည်ထောင်စုအရေးသည် ပအိုဝ်းအရေးဖြစ်ပြီး ပအိုဝ်းအရေးသည်ပြည်ထောင်စုအရေး ဖြစ် သည်”ဟူသည့် ခံယူချက်ကို ထပ်လောင်းအသိပေးသည်။

PNFC နှင့် PNLOသည် “မိမိနှင့် မိမိတို့ပအိုဝ်းပြည်သူအပါအဝင် တိုင်းရင်းသားလူမျိုး ပေါင်းစုံ ပြည်သူများကို ကာကွယ်ရန် လိုအပ်ချက်မှတပါး ပအိုဝ်းအမျိုးသားအချင်းချင်းကြား တွင်ဖြစ်စေ၊ တိုင်းရင်းသားအချင်းချင်းကြားတွင်ဖြစ်စေ လက်နက်ကိုင်ပဋိပက္ခကို အတတ်နိုင် ဆုံး ရှောင်ရှား၍ ငြိမ်းချမ်းသည့်နည်းဖြင့် ညှိနှိုင်းအဖြေရှာရေးကို အတတ်နိုင်ဆုံး လက်ကိုင် ကျင့်သုံးသည်”ဟူသည့် မူကို ချမှတ်ကျင့်သုံးလျက်ရှိသည်ဟု အသိပေးသည်။

စစ်အုပ်စုသည် ပအိုဝ်းအချင်းချင်း အကြား ပဋိပက္ခဖြစ်စေရေး၊ ပအိုဝ်းနှင့်အခြားတိုင်းရင်းသားများအကြားတွင်လည်း လူမျိုးရေး နှင့် ဘာသာရေးပဋိပက္ခများ ဖြစ်စေရေးတို့အတွက် နည်းလမ်းပေါင်းစုံဖြင့် သပ်လျှိုဖြိုခွဲနေ သောကြောင့် မိမိကိုယ်ကို မိမိခုခံကာကွယ် ပိုင် ခွင့်မူကို အခိုင်အမာကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ပအိုဝ်းအချင်းချင်းအကြားပဋိပက္ခမဖြစ်စေရေးကို PNO/PNA မှ ပူးပေါင်းဆောင်ရွက်ပေးပါရန် ပန်ကြားကြောင်း ဖော်ပြသည်။

ထို့အပြင် PNO/PNA ဖွဲ့စည်းစဉ်ကတည်း က လုံးဒါညီလာခံတွင်ချမှတ်ခဲ့သော စစ်အာဏာရှင် စနစ်နှင့် မဟာလူမျိုးကြီးဝါဒ ဆန့်ကျင် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးမူ နှင့်အညီ လူထုတော်လှန် ရေးကြီးတွင် PNO/PNAက ပြန်လည်ပူးပေါင်းဆင်နွှဲရန် PNFCနှင့် PNLOတို့က တိုက်တွန်းသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်အုပ်စုနှင့် အပေါင်းပါများဖန်တီးထားသော လူထုဆန့်ကျင်ရေးထောင်ချောက်များ အတွင်းသို့ မကျရောက်စေရေးအတွက် အထူးသတိထားဆောင်ရွက်ကြပါရန်နှင့် ဘက်ပြောင်းခို လှုံလာကြသူများအား ကျင့်ဝတ်စည်းကမ်းများနှင့်အညီ နွေးထွေးစွာကြိုဆိုကြပါရန်ပန်ကြားသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး တိုင်းရင်းသားလူမျိုး ပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုကို စုပေါင်းထူထောင်ကြမည်ဖြစ်သည်ဟုဆိုသည်။

ထိုသို့ ထူထောင်နိုင်ရေးအတွက် ဘဝတူအဖိနှိပ်ခံ တိုင်းရင်းသားလူမျိုး အသီးသီး၏ လွတ်မြောက်ရေးတိုက်ပွဲများနှင့် အပြန်အလှန်ဆက်စပ်၍ ပြည်သူ လူထုတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် ညီနောင်တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူပူးပေါင်းဆင်နွှဲမည်ဟု ထုတ်ပြန်ခဲ့သည်။

PNFC နှင့် PNLOသည် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ လူသားချင်းစာနာမှုကိစ္စရပ်များ အပါအဝင် လူထုအကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ဖော်ပြသည်။

ယခု ပူးတွဲထုတ်ပြန်ခဲ့သည့် အချက်များအား ပအိုဝ်းအမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများအပါအဝင် ပအိုဝ်းအရပ်ဖက်အဖွဲ့ အစည်းများ၊ ပအိုဝ်းနိုင်ငံရေးအင်အားစုများ၊ ပအိုဝ်းစာပေယဉ်ကျေးမှုအသင်းအဖွဲ့များ အပါအဝင် ပအိုဝ်းပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင် ရန် PNLOနှင့် PNFCတို့က တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် လက်အောက်ခံ ပြည်သူ့စစ် PNO နှင့်ပူးပေါင်းပြီး PNLA နယ်မြေအတွင်း ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့၍လည်းတိုက်ပွဲဖြစ်ပွားမှု ဆက်ရှိနေသည်။

သတင်း

PNOသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ပအိုဝ်းဒေသ တွင်သာမက ပအိုဝ်းဒေသနှင့် ဆက်စပ်ဒေသများ၌လည်း စစ်ကောင်စီ အလိုကျ စစ်ဆင်ရေးများ၌ ပါဝင်ဆောင်ရွက်ခဲ့သည်။

သတင်း

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက PNLO ၏ မူ၊ ဝါဒ၊ လမ်းစဉ်တို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတို့က ပေးအပ်သော တာဝန်အရပ်ရပ်ထက် ကျော်လွန်ဆန့်ကျင်ပြီး PNLO(NCA-S) အမည်ဖြင့် PNLO ဦးဆောင် အဖွဲ့ ဖွဲ့စည်းခြင်းဖြစ်ကြောင်း PNLO ဥက္ကဋ္ဌ ဟောင်း...

သတင်း

PNLOသည် စစ်ကောင်စီ၊ PNOတို့ကို ဆန့်ကျင်တိုက်ခိုက်နေ၍ နှုတ်ထွက်ခြင်းဖြစ်ကြောင်းဖော်ပြ