People’s Spring
ရေလုပ်ငန်း ထုတ်ကုန်တွေကို တရားမဝင် မှောင်ခို ခိုးသွင်းနေတဲ့ မြန်မာ ငါးဖမ်းလှေ တစ်စီးကို ဖမ်းဆီးထားကြောင်း ထိုင်းအာဏာပိုင်တွေက အတည်ပြု ပြောကြားခဲ့ပါတယ်။
ရနောင်းမှာရှိတဲ့ ဝိုင်သွန် ဆိပ်ခံမှာ ဒီဇင်ဘာ ၁၃ ရက် ညပိုင်းတုန်းက အဲဒီ ငါးဖမ်းလှေကို စီးနင်း ရှာဖွေခဲ့ရာမှာ အချဉ်ဖောက်ထားတဲ့ ပုစွန် ကီလိုဂရမ် ၄၀၀၀၀ ကို ရှာတွေ့ခဲ့တယ်လို့ ရေတပ် အရာရှိတွေက ပြောပါတယ်။
အဲဒီနောက် အာဏာပိုင်တွေက လှေကို ထိန်းသိမ်းထားလိုက်ပြီး ငါးဖမ်းလှေ အဖွဲ့သား ၆ ယောက်ကိုပါ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
![Public Service Announcement](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2024/04/Safer-practices_inside_psa_ads.jpg?resize=880%2C138&ssl=1)
Public Service Announcement
ထိုင်းရေပိုင်နက်ထဲကို ရေလုပ်ငန်း ကုန်စည်တွေ တရားမဝင် ခိုးသွင်းလာတဲ့ လှေတစ်စီး ရောက်နေတယ်ဆိုတဲ့ သတင်းကို ကြားသိတဲ့နောက် အခုလို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာလို့ အမှတ် ၃ ဒေသ ထိုင်းရေကြောင်း ကွပ်ကဲမှု ဦးစီးဌာနက ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဆိပ်ခံမှာ ကမ်းကပ်ရပ်နားထားတဲ့ မြန်မာ ငါးဖမ်းလှေနဲ့အတူ အဖွဲ့သား ၆ ယောက်ကို ရှာတွေ့ခဲ့ကြောင်း၊ သူတို့ဟာ ရေလုပ်ငန်း ထုတ်ကုန်တွေကို ထိုင်းနိုင်ငံဆီ တင်သွင်းဖို့ ခွင့်ပြုချက် လိုင်စင် ရှိမနေကြကြောင်း ဆိုပါတယ်။ လှေပေါ်မှာတော့ ၂၀ ကီလိုဂရမ်စီ အလေးချိန်ရှိတဲ့ အချဉ်ဖောက် ပုစွန် အထုပ်ပေါင်း ၂၀၀၀ ကို ရှာတွေ့ခဲ့ပါတယ်။
ရေတပ် တာဝန်ရှိသူတွေဟာ အခုကိစ္စကို အမှုဖွင့် အရေးယူနိုင်ဖို့အတွက် ငါးဖမ်းလှေ အဖွဲ့သား ၆ ယောက်ကို ပက်ခ်နမ် ရဲစခန်းဆီ လွှဲပြောင်းပေးခဲ့ကြောင်းလည်း သိရပါတယ်။
ရနောင်းကမ်းလွန် မြန်မာရေပိုင်နက်ထဲမှာ ငါးခိုးဖမ်းတဲ့ ထိုင်းစက်လှေ တစ်စီးကို မြန်မာ ရေတပ်က ဖမ်းဆီးခဲ့ပြီး ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ မြန်မာ ၂၇ ယောက်ကို ဖမ်းဆီးသွားခဲ့တဲ့ ဖြစ်စဉ်အပြီး နှစ်ပတ်လောက် အကြာမှာ အခုကိစ္စ ပေါ်ပေါက်လာတာပါ။
အစောပိုင်းက ထိုင်းနိုင်ငံသားတွေကို မြန်မာရေတပ်က ပြန်လွှတ်ပေးမယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် လက်ရှိ အချိန်ထိ လွှဲပြောင်းပေးတာ မရှိသေးကြောင်း ထိုင်းဖက်က ပြောပါတယ်။ အဲဒီ ထိုင်းငါးဖမ်းလှေ လုပ်သား ၄ ယောက် ပြန်လွတ်မြောက်ရေး ဆွေးနွေးဖို့အတွက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာဟာ မြန်မာနိုင်ငံကို အခုသီတင်းပတ်ထဲမှာ လာရောက်ဖို့လည်း စီစဉ်ထားပါတယ်။
ကိုးကား- Bangkok Post
![](https://www.ludunwayoo.com/wp-content/uploads/2024/08/banner-logo1-50px.png)