ကင်ညာနိုင်ငံကနေ ပုရွက်ဆိတ် အကောင်ရေ ၂၀၀၀ ကျော်ကို မှောင်ခို ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့ တရုတ် နိုင်ငံသား တစ်ဦးကို ကင်ညာ အာဏာပိုင်တွေက ဖမ်းဆီး ရမိခဲ့ပါတယ်။
ကျန်ကီကျန်းဟာ ကင်ညာနိုင်ငံရဲ့ နိုင်ရိုဘီ မြို့မှာရှိတဲ့ ဂျိုမို ကင်ညက်တာ နိုင်ငံတကာ လေဆိပ်မှာ ဟန့်တား စစ်ဆေး ခံရတဲ့အချိန် Queen garden antလို့ခေါ်တဲ့ ပုရွက်ဆိတ်တွေကို လျှို့ဝှက် သယ်ဆောင်လာကြောင်း ဖော်ထုတ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သိပ္ပံနာမည်အရ Messor cephalotesလို့ ခေါ်တဲ့ ပုရွက်ဆိတ်တွေကို ဇီဝမျိုးကွဲ စာချုပ်များအရ နိုင်ငံတကာ ဥပဒေတွေနဲ့ ကာကွယ်ထားသလို အဲဒီ မျိုးစိတ်တွေ ရောင်းဝယ် ဖောက်ကားမှုကိုလည်း အကြီးအကျယ် ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ အဲဒီ ပုရွက်ဆိတ်တွေကို အာရှနဲ့ ဥရောပတိုက်တွေမှာ အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူခြင်းက တဖြည်းဖြည်း တွင်ကျယ်ပြီး ခေတ်စားလာနေပါတယ်။
ကင်ညာ အာဏာပိုင်တွေက ကျန်ဟာ မနှစ်တုန်းက ပြည်တွင်းမှာ ဖြိုခွင်းခံလိုက်ရတဲ့ ပုရွက်ဆိတ် မှောင်ခို ကွန်ရက် တစ်ခုနဲ့ ဆက်စပ်နေနိုင်ကြောင်း စွပ်စွဲထားပြီး ကင်ကတော့ အတိအကျ ဝန်မခံသေးပါဘူး။ စုံထောက်တွေက ကင်ဟာ အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်တောင် ဖြစ်နိုင်ပြီး ဂိုဏ်းဝင်တွေ အဖမ်းခံရချိန်မှာ ပတ်စ်ပို့တ် အတုနဲ့ လွတ်မြောက်သွားတာ ဖြစ်နိုင်ကြောင်း ယူဆထားပါတယ်။

Public Service Announcement
မတ်လ ၁၀ ရက်နေ့က ဖမ်းဆီး ရမိမှုမှာတော့ ကျန်ဟာ တရုတ်နိုင်ငံဆီ ထွက်ခွာမယ့် လေယာဉ်နဲ့အတူ ပုရွက်ဆိတ်တွေကို မှောင်ခို သယ်ယူဖို့ ကြံစည်ထားတယ်ဆိုတာ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်စာ သယ်ယူတဲ့ လက်ကိုင်အိတ်ထဲမှာ ပုရွက်ဆိတ် ၁၉၄၈ ကောင်နဲ့ ခရီးဆောင် သေတ္တာထဲမှာ နောက်ထပ် ၃၀၀ ကို သယ်ဆောင်လာတာ စစ်ဆေး တွေ့ရှိခဲ့ကြောင်း အစိုးရ ရှေ့နေ အလန် မူလာမာက ပြောပါတယ်။
ပုရွက်ဆိတ် အားလုံးဟာ အရှင်တွေဖြစ်ပြီး တစ်ကောင်ချင်းစီကို အထူးစီစဉ်ထားတဲ့ ဘူးလေးတွေထဲမှာ ခွဲပြီးထည့်ထားကြောင်း၊ ပြီးတော့ တစ်ရှူးစက္ကူတွေနဲ့ စည်းနှောင်ပြီး ပိတ်ထားကြောင်း မူလာမာက တရားရုံးမှာ တင်ပြခဲ့ပါတယ်။ သူက သံသယရှိသူရဲ့ ဖုန်းအပါအဝင် အီလက်ထရောနစ် ကိရိယာတွေကို စစ်ဆေးခွင့်ကိုလည်း တရားရုံးမှာ လျှောက်ထား တောင်းဆိုခဲ့ပါတယ်။
ပုရွက်ဆိတ် မှောင်ခိုမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ကျယ်ပြန့်လာတာနဲ့အမျှ နောက်ထပ် ဖမ်းဆီးမှုတွေလည်း ရှိလာမယ်လို့ ယုံကြည်ရပါတယ်။
ပြီးခဲ့တဲ့နှစ် မေလတုန်းက ပြည်တွင်းကနေ ထောင်နဲ့ချီ များပြားတဲ့ ပုရွက်ဆိတ် အရှင်တွေ မှောင်ခို ခိုးထုတ်ဖို့ ကြံစည်မှုအတွက် လူ ၄ ဦးကို ထောင်ဒဏ် ၁ နှစ်၊ ဒါမှမဟုတ် ဒဏ်ငွေ ဒေါ်လာ ၇၇၀၀ ကျခံဖို့ ကင်ညာ တရားရုံး တစ်ခုက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံသမိုင်းမှာ အဲဒီလို မှုခင်းမျိုးအတွက် ပထမဆုံး စီရင်ချက်လည်း ဖြစ်လာပါတယ်။
ဘယ်လ်ဂျီယမ် နိုင်ငံသားနှစ်ဦး၊ ကင်ညာတစ်ဦးနဲ့ ဗီယက်နမ်တစ်ဦးတို့ ပါဝင်တဲ့ အဖွဲ့ဟာ စွဲချက်တွေအတွက် အပြစ်ရှိကြောင်း ဝန်ဃံခဲ့ပါတယ်။ ဘယ်လ်ဂျီယမ် နိုင်ငံသားတွေက သူတို့ဟာ ပုရွက်ဆိတ်တွေကို ဝါသနာအရ စုဆောင်းခဲ့ကြရုံသာဖြစ်ပြီး ပြစ်မှုမြောက်တယ်လို့ မသိခဲ့ကြောင်း ခုခံ လျှောက်လဲခဲ့ပါတယ်။
မနှစ်က အာဏာပိုင်တွေ ဖြိုခွင်းခဲ့တဲ့ မှောင်ခိုဂိုဏ်း လက်ထဲမှာ ရှာတွေ့ခဲ့တဲ့ ပုရွက်ဆိတ်တွေကတော့ Africa harvester ant မျိုးစိတ်တွေပါ။ အဲဒီ ပုရွက်ဆိတ်တွေဟာ အာဖရိကတိုက်ရဲ့ ဂေဟစနစ်အတွက် အထူးအရေးကြီးကြောင်း၊ ဒီပုရွက်ဆိတ်တွေကို ဖယ်ရှားယူသွားခြင်းဟာ မြေဆီမြေသား အရည်အသွေးတွေကို လျော့ကျစေသလို ဇီဝမျိုးကွဲ စုံလင်မှုကို ထိခိုက်စေနိုင်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။
ကိုးကား: BBC



















































