-People’s Spring
UWSAရဲ့ နယ်ခြားအခြေစိုက် စစ်စခန်း တချို့ဟာ ထိုင်းပိုင်နက် မယ်ဟောင်ဆောင်ကို ကျူးကျော် ဝင်ရောက်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်တွေ ရုပ်သိမ်းဖို့ ထိုင်းဖက်က အကြောင်းကြားထားပါတယ်။
မူလက ဒီဇင်ဘာ ၁၈ ရက်နေ့ဟာ UWSAရဲ့ တပ်တွေရုပ်ဖို့ ထိုင်းဖက်က နောက်ဆုံး သတ်မှတ်ပေးထားတဲ့ ကာလဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် ထိုင်းစစ်တပ်ကတော့ လေသံလျှော့ပြီး ငြင်းဆိုသွားပါတယ်။
ထိုင်းကြည်းတပ် အမှတ် ၃ တပ်မဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ကစ်တီပေါင် ဂျေမ်ဆူဝန်က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ UWSA တပ်တွေ ရုပ်သိမ်းဖို့ ရာဇသံ ပေးထားတယ် ဆိုတာမျိုးထက် အဲဒီနေ့မှာ တိကျတဲ့ အကြောင်းပြန်ကြားချက် တစ်ခုကို တောင်းဆိုတဲ့ သဘောမျိုးသာ ပိုဆန်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။
ပြီးတော့ ထိုင်းစစ်တပ် အနေနဲ့ ဖြစ်လာနိုင်ခြေ အားလုံးအတွက် ကြိုတင် ပြင်ဆင်ထားတဲ့တိုင်အောင် စေ့စပ်ဆွေးနွေးမှု လမ်းကြောင်းတွေနဲ့ အဖြေရှာဖို့ ယုံကြည်ချက် ရှိနေဆဲလို့လည်း သူက ဆိုတယ်။
သတင်းထောက်တွေက ထိုင်းနဲ့ UWSAကြား စစ်ဖြစ်လာနိုင်သလားလို့ မေးမြန်းတဲ့ အခါမှာတော့ အင်အားသုံးတယ် ဆိုတာဟာ နောက်ဆုံး ရွေးချယ်စရာ မရှိတော့မှ စဉ်းစားရမယ့် ကိစ္စဖြစ်ပြီး မလိုအပ်တဲ့ တင်းမာမှုတွေကို မြင့်တက် မလာစေချင်ဘူးလို့ ကစ်တီပေါင်က ဖြေကြားသွားပါတယ်။
ထိုင်းစစ်တပ်ဟာ နယ်နိမိတ် အငြင်းပွားမှု ဖြစ်ပွားရာ နေရာတဝိုက်မှာ တပ်တွေ ဖြန့်ကျက်ထားသလို နှစ်စဉ် ပုံမှန် လုပ်ဆောင်နေကျ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ အဲဒီ လေ့ကျင့်မှုတွေနဲ့ ဆက်စပ်တဲ့ စစ်လက်နက်တွေ၊ ယန္တရားတွေနဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း တပ်ဖြန့်ထားကြောင်း သိရပါတယ်။
ကိုးကား-Thai Enquire