သတိုး/People’s Spring
ထိုင်းနိုင်ငံ စာမွတ်ဆာခွန်ခရိုင်တွင် အထောက်အထားသက်တမ်းတိုးခ စျေးလျှော့ပေးရန် တောင်းဆိုဆန္ဒပြသည့် မြန်မာလုပ်သားများအား ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့က လူစုခွဲဖမ်းဆီးရာ မြန်မာလုပ်သား လေးဦး ဖမ်းဆီးခံရကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးသူ AAC မဟာမိတ်မှ ကိုရဲမင်းက ပြောသည်။
“နှစ်နှစ်သက်တမ်းတိုးခ စျေးအဆမတန်ကောက်ခံလို့ စျေးလေးနည်းနည်းလျှော့ပေးဖို့ ငြိမ်းချမ်းစွာတောင်းဆိုတဲ့ မြန်မာလုပ်သားတွေကို ယခုလို ကြမ်းကြမ်းတမ်းတမ်း လက်ထိပ်ခတ် ဖမ်းဆီးတာ
ဟာ အလုပ်သမားအခွင့်အရေး အရရောလူ့အခွင့်အရေးအရရော ဘယ်လိုမှလက်ခံနိုင် စရာမရှိပါဘူး”ဟု ၎င်းက ပြောသည်။
ယနေ့(ဒီဇင်ဘာ ၁၉ရက်) နံနက်က ထိုင်းနိုင်ငံ စာမွတ်ဆာခွန်ခရိုင် အုန်းနွဲ့၊အုန်းယိုင်နယ်မြေရှိ သံစက်ရုံမှ မြန်မာလုပ်သား ၃၀၀ ခန့်က နှစ်နှစ်သက်တမ်းတိုးခအဖြစ် ပွဲစားများ၏ ဘတ်တစ်သောင်းကောက်ခံနေမှုအပေါ် စျေးလျှော့ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
အထက်ပါဖြစ်စဉ်တွင် ထိုင်းစက်ရုံပိုင်ရှင်သူဌေးက ထိုင်းရဲများခေါ်ဖြေရှင်းခိုင်းရာ ထိုင်းရဲတပ်ဖွဲ့က အလုပ်သမားခေါင်းဆောင်လေးဦးကို ဖမ်းဆီးခဲ့ခြင်းဟု ကိုရဲမင်းက ပြောသည်။
“လေးဦးဖမ်းဆီးတာ။ အခုတော့လွှတ်လိုက်ပါပြီ” ဟု ကိုရဲမင်းက ယနေ့နေ့လည် ၁နာရီခွဲအချိန်တွင် လူထုနွေဦးသို့ ပြောသည်။
ယင်းဖြစ်စဉ်၌ ဈေးနှုန်းအဆမတန်ကောက်ခံသူများကို အရေးယူမှုပြုလုပ်ရမည့်အစား အလုပ်သမားများကို ဖိနှိပ်ခြင်းအပေါ် ကန့်ကွက်ကြောင်း နှင့် ယင်းလုပ်ရပ်သည် ထိုင်းနိုင်ငံ၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကိုကျဆင်းစေကြောင်း ၎င်းက သုံးသပ်သည်။
၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်တွင် သက်တမ်းကုန်ဆုံးမည့် မြန်မာလုပ်သား ၂.၇ သန်းကျော်သည် သက်တမ်းတိုးကိစ္စအတွက် နိုဝင်ဘာ ၂၇ ရက်မှစတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး ပွဲစားများက တောင်းခံသည့်ငွေကြေး များပြားနေသောကြောင့် ထိုင်းနိုင်ငံရှိ စက်ရုံꩻအလုပ်ရုံများမှ မြန်မာလုပ်သားများမှာ ဆန္ဒပြကန့်ကွက်များဖြစ်ပေါ်နေခြင်းဖြစ်သည်။
၂၀၂၅ ဖေဖော်ဝါရီ ၁၃၇က်အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (Passport – စာအုပ်အနီ) ၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI – စာအုပ်အစိမ်း) ကိုင်ဆောင်ထားသော မြန်မာလုပ်သားများအား (၂)နှစ် သက်တမ်းရှိသည့် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုချက် လျှောက်ထားနိုင်ပြီး ၎င်းင်းတို့မှာ ထပ်မံ၍ (၂)နှစ် သက်တမ်းတိုးခွင့်ရှိပြီး စုစုပေါင်း (၄)နှစ် ခွင့်ပြုမည်ဟု ထိုင်းအစိုးရက ကြေညာထားသည်။
အလုပ်ပါမစ်အတွက် ကုန်ကျမှု ဘတ် ၁၉၀၀၊ ဗီဇာအတွက် ဘတ်၅၀၀၊ ဆေးစစ်ခအတွက် ဘတ်၅၀၀နှင့် ကျန်းမာရေးအာမခံအတွက် ဘတ်၁၀၀၀ စုစုပေါင်း ကုန်ကျငွေ ဘတ် ၃,၉၀၀ သာ ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားသော်လည်း ပွဲစားများက ကနဦးတွင် တစ်ဦးလျှင် ဘတ် ၁၇,၀၀၀ အထိတောင်းခံနေခြင်း ဖြစ်ပြီးအဆမတန်တောင်းခံမှုများကြောင့် ဝေဖန်ခံရ၍ ဘတ် ၁၂၀၀၀ သာကောက်ခံရန် ထပ်မံလုပ်ဆောင်လာခဲ့သည်။သို့သော် ပမာဏမှာများလွန်းသည်ဆိုကာ လက်တလောတွင် ထိုင်းနိုင်ငံ စက်ရုံ၊အလုပ်ရုံများရှိ မြန်မာလုပ်သားများမှာ ဆန္ဒပြကန့်ကွက်မှုများပင် ဖြစ်ပေါ်နေသည်။
ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတဝန်းရှိ မြန်မာလုပ်သားများလုပ်ကိုင်နေသော စက်ရုံ ဆယ်ဂဏန်းခန့် ဆန္ဒပြမှုများဖြစ်ပေါ်နေသည်ဟု ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးသူ AAC မဟာမိတ်မှ ကိုရဲမင်းက ပြောသည်။
” ကျနော်တို့ဆီ လာဆွေးနွေးတာ စက်ရုံ ၃၀လောက်ရှိတယ်။ ပြေလည်သွားတဲ့ စက်ရုံတွေလည်း ရှိတယ်။ အရင်က ဒီလိုသက်တမ်းတိုးရင် သံရုံးနဲ့ဘာမှမဆိုင်ဘူး။ ထိုင်းဘက်က ကိစ္စ”ဟု ကိုရဲမင်းက ပြောသည်။
ဒီဇင်ဘာ ၁၆ရက်က ထိုင်းနိုင်ငံ ဖိချဘွန်မြို့နယ်ရှိ မြန်မာလုပ်သား ထောင်ချီရှိသော ကြက်သားစက်ရုံတွင် သက်တမ်းတိုးကြေး ဘတ် ၁သောင်းကျော်ကောက်ခံသည်ဟုဆိုကာ မြန်မာလုပ်သားများက စုဝေးကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ဒီဇင်ဘာ ၁၇ရက်ကလည်း နခွန်ပထုန်ခရိုင် ဘန်လင်းမြို့နယ်ရှိ မြန်မာလုပ်သားထောင်နှင့်ချီရှိသော ကားတာယာစက်ရုံတွင်လည်း သက်တမ်းတိုးကြေးတစ်ဦးလျှင် ဘတ် ၉ထောင်ကောက်ခံသည်ဟုဆိုကာ ဆန္ဒပြကန့်ကွက်ရာ တစ်ဦးလျှင် ဘတ် ၇ထောင်နှုန်းဖြင့် သဘောညီမှုရခဲ့သည်ဟု ကိုရဲမင်းက ပြောသည်။
ထိုင်းနိုင်ငံရှိ စက်ရုံ၊အလုပ်ရုံများ၌ မြန်မာလုပ်သားထောင်နှင့်ချီ အလုပ်လုပ်ကိုင်နေရာ အထောက်အထားတစ်ကြိမ်သက်တမ်းကုန်ဆုံးပါက အထောက်အထားပြုလုပ်ပေးသည့် နေရာများ၌ လုပ်သားများစေလွှတ်မလုပ်ခိုင်စေဘဲ ပွဲစားများအား စက်ရုံသို့ခေါ်ယူ၍ စာရင်းပေးသွင်းကြခြင်း ဖြစ်သည်။