ရှိုင်း/People’s Spring
ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သိမ်းတိုက်ပွဲ အောင်မြင်မှုရရှိခဲ့သည့် အာရက္ခတပ်တော်(AA)မှ စစ်သည်တော်များက ဌာနဆိုင်ရာနှင့် တပ်စခန်းများရှေ့၌ အောင်ပွဲခံနေသည့် မှတ်တမ်းဓာတ်ပုံကို AAက ယနေ့(ဒီဇင်ဘာ ၂၂ရက်) ထုတ်ပြန်ခဲ့သည်။
ရက္ခိုင်ပြည် တောင်ကုတ်အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) အပါအဝင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို ဒီဇင်ဘာ ၁၄ရက်တွင် အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အာရက္ခစစ်သည်တော်များအား ဌာနဆိုင်ရာတပ်စခန်းများရှေ့တွင် တွေ့ရသည့် ဓာတ်ပုံများကို ပြသခဲ့ခြင်းဖြစ်သည်။
AA အနေဖြင့် တောင်ကုတ်မြို့ရှိ ဖက်ဆစ်စစ်ကောင်စီ၏စခန်းများအား ထိုးစစ်မစတင်မီ ကတည်းကပင် တောင်ကုတ်မြို့အား ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီးနောက် နိုဝင်ဘာ ၄ရက်တွင် စစ်ဆင်ရေးစတင်ခဲ့သည်။
နိုဝင်ဘာ ၂၀ရက်တွင် ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာ ၁၀နေရာထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးများဖြစ်ကြသော စကခ (၅)တပ်မဌာနချုပ် နှင့် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းများကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလလယ်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
AA အနေဖြင့် ရက္ခိုင်ရှိ လက်ကျန်မြို့များအနက် တောင်ကုတ်၊ မောင်တော်၊ အမ်းတို့ကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဂွမြို့ကိုလည်းရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်တော့မည်ဟု ထုတ်ပြန်ထားသည်။