အောက်တိုဘာ-၈၊၂၀၂၅။လူအေး/People’s Spring
တောင်ကုတ်-ပန်းတောင်းကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇)လက်အောက်ခံတပ်ရင်းတွေကို AA နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်တာကြောင့်ထိခိုက်သေဆုံးမှုအများအပြားနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့သတင်းရရှိပါတယ်။
တောင်ကုတ်-ပန်းတောင်းလမ်းကို အဓိကဆက်သွယ်ထားတဲ့ လမ်းပိုင်းကလေသာတောင်စခန်းနဲ့ ညောင်ကျိုးစခန်းကို ဦးတည်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို AA နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၂ ရက်ကနေ အောက်တိုဘာလ ၆ ရက်အထိ ပိတ်ဆို့တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
” စကခ-၁၇ရင်းတွေတက်လာတာ။ စစ်မှုထမ်းဆင်းတွေလည်း အများကြီးပါလာတယ်။ လေကြောင်းပစ်ကူနဲ့ တက်လာပေမဲ့ ပူးပေါင်းတပ်တွေဘက်မှာက နယ်မြေကျွမ်းကျင်မှုရှိတယ်လေ။စစ်တပ်ဘက် အသေတွေ များတယ်။ဒီတစ်ခါတိုက်ပွဲမှာ ၃၀ မကသေပြီး ဆင်လမ်းရွာကို ပြန်ဆုတ်သွားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ပန်းတောင်း မြို့နယ်ထဲကစစ်တပ် တပ်စွဲထားတဲ့ ဆင်လမ်းရွာ နဲ့ AA နဲ့ ပူးပေါင်းတပ်တွေတပ်စွဲထားတဲ့ လေသာတောင်၊ ညောင်ကျိုးစခန်းတို့ဟာ ၄ မိုင်ခန့်သာကွာဝေးတာပါ။စစ်ကောင်စီတပ်က ဆင်လမ်းရွာမှာ လက်နက်ကြီးတွေတပ်ဆင်ထားပြီး တောင်ကုတ်ကို ဦးတည်တဲ့စစ်ဆင်ရေးဖော်ဆောင်ဖို့ ကြိုးပမ်းနေတာလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဒါပေမဲ့ အောက်တိုဘာလ ၂ ရက်ကနေ အောက်တိုဘာလ ၆ ရက်အထိ ၅ ရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီ ထိခိုက်သေဆုံးမှုများပြီး ဆင်လမ်းရွာကို ပြန်ဆုတ်သွားတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ လေသာတောင်စခန်းဝန်းကျင်ကိုတော့ စစ်တပ်က ဂျက်ဖိုက်တာ၊ Y12 နဲ့ ဒရုန်းတွေသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။
စစ်တပ်ကရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းက စစ်ရေးနယ်မြေတွေမှာ တပ်မ (၉၉) လက်အောက်ခံတပ်ရင်းတွေအစား စကခ-၁၇ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တို့ကို ပြီးခဲ့တဲ့ သြဂုတ်လကစတင်ပြီး ပို့ဆောင်ခဲ့တာပါ။
အဲဒီတပ်ရင်းက စစ်သားတွေနဲ့အတူ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်အများအပြားပါလာပြီး AA နဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာပါ။ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေ အင်အားကိုသုံးပြီး ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။
စကခ-၁၇ဟာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်အခြေစိုက် ဖြစ်ပါတယ်။ နတ်ရေကန်ဗျူဟာနဲ့ အမ်း-ပဒါန်းလမ်း အပါအဝင် ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ စစ်မြေပြင်ကို ရောက်ရှိလာပြီးတဲ့နောက် ထိခိုက်သေဆုံးမှုတွေ များပြားနေပါတယ်။
စက်တင်ဘာလ ၇ ရက်က နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်မှာ ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်လာတဲ့ စကခ (၁၇) လက်အောက်ခံ ခလရ (၂၉၅) တပ်ရင်း စစ်ကြောင်းကို တိုက်ခိုက်တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ AA က စက်တင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အထက်မင်းလှမြို့နယ်အတွင်း စက်တင်ဘာလ ၁ ရက်ကနေ စက်တင်ဘာလ ၁၈ ရက်အတွင်း တိုက်ပွဲတွေမှာလည်း စစ်တပ်မှာ သေဆုံးသူ ၃၀ ဦးခန့် ရှိသလို သုံ့ပန်းအချို့လည်း ဖမ်းမိထားတယ်လို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ပြောပါတယ်။
လက်ရှိမှာ မကွေးတိုင်းအတွင်း ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာပတ်ဝန်းကျင် နဲ့ အမ်း-ပဒါန်းလမ်း၊ မင်းတုန်း၊ သရက်၊ ဆင်ပေါင်ဝဲ၊ အထက်မင်းလှ၊ ငဖဲမြို့နယ်တွေနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းတွေ၊ ပဲခူးတိုင်းထဲက တောင်ကုတ်-ပန်းတောင်း ကားလမ်း၊ ဧရာဝတီတိုင်းထဲက လေးမျက်နှာမြို့နယ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
လက်ရှိတိုက်ပွဲတွေနဲ့ ပတ်သက်လို့ AA က သီးခြားထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ တိုက်ပွဲတွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေ အများအပြား ထွက်ပြေးနေပြီး ထိခိုက်သေဆုံးမှုတွေလည်း များပြားနေတယ်လို့ AA က တိုက်ပွဲသတင်းကိုစက်တင်ဘာလ ၂၈ ရက်နေ့မှာ နောက်ဆုံးထုတ်ပြန်ထားပါတယ်။ တပ်ပျက်နေတဲ့စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာတွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေလို့ လုံခြုံရေး သတိပြုကြဖို့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးရန်နဲ့ ပတ်သက်တဲ့ အရေးပေါ်သတိပေးချက်ကိုလည်း AA က ထုတ်ပြန်ထားပါတယ်။
















































