အောက်တိုဘာ-၆၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့အနီးဝန်းကျင်ရှိ စစ်တပ်အထိုင်ချခဲ့တဲ့တပ်ရင်းဟောင်းတွေနဲ့ဖုံညိုရွာတို့ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခဲ့တာကြောင့်သေဆုံးဒဏ်ရာရသူတွေရှိခဲ့ပြီး လေယာဥ်သံနဲ့ ဗုံးပေါက်ကွဲသံကြောင့် နှလုံးရပ်သေဆုံးသူအချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၆ ရက်၊မနက် ၉ နာရီခွဲကနေ ၁၀ နာရီ ၁၅ မိနစ်လောက်ထိ စစ်တပ်က တစ်နာရီနီးပါးကြာ ဗုံးအလုံး နှစ်ဆယ်ဝန်းကျင်ကြဲချနေခဲ့တာလို့သိရပါတယ်။
“လေယာဉ်ဟာအားလုံးဆိုရင်ခြောက်စီးလောက်ပါတယ်။အရပ်သားတွေ မနည်းနာတယ်။ ပြည်သူတွေ ဒဏ်ရာရ တဲ့လူ တော်တော်များတယ်လို့ ကြားတယ်။ အခု ဆေးရုံရောက်နေကြတယ်။ အရေအတွက်တော့ မသိရသေးဘူး။ တော်တော်များတယ်လို့ ပြောတယ်”လို့ တောင်ကုတ်ဒေသခံတဦးကပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာ အရင်ကအထိုင်ချခဲ့တဲ့အမှတ်(၅)စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၅)၊ ခမရ (၃၄၆)၊ ခမရ (၅၄၄) တို့နဲ့ အဲဒီအနီး တောင်ကုတ်မြို့အဝင်မှာရှိတဲ့ ဖုံညိုရွာတို့ကို ဗုံးကြဲနေခဲ့တာဖြစ်ပါတယ်။ဖုံညိုရွာဟာသံတွဲမြို့နယ်ကနေ တောင်ကုတ်မြို့သို့အဝင်မှာ ရှိတဲ့ လူနေကျေးရွာတခုဖြစ်ပြီး စစ်ဘေးရှောင်တွေလည်း နေထိုင်ကြပါတယ်။
ဗုံးကြဲမှုကြောင့်ဖုံညိုရွာကဒေသခံပြည်သူတွေ သေဆုံးဒဏ်ရာရသူတွေရှိပြီး တောင်ကုတ်မြို့ပေါ်မှ ဦးဇော်ခင်ဦးနဲ့ ဦးလှစိန် တို့ဟာလည်း ကျယ်လောင်တဲ့ဗုံးကွဲသံကြောင့် နှလုံးရပ်ပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“လေယာဉ်တွေအများကြီးပျံနေတော့ လေယာဉ်သံနဲ့ရော၊ဗုံးသံနဲ့ရောအကုန်လုံးကြောက်လန့်နေကြတယ်။ဘယ်ကိုပြေးလို့ပြေးရမလဲတောင် မသိတော့ဘူး။ နဂိုနှလုံးမကောင်းတဲ့ သူတွေကျတော့ သေသွားတာ၊ ဒဏ်ရာရတဲ့သူ တွေလည်း များတယ်” လို့ အခြားဒေသခံတဦးကလည်းပြောပါတယ်။
စစ်တပ်ကအောက်တိုဘာ ၅ ရက်နေ့ ညကလည်းပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်ဆောင်းဒူ ရွာဝန်းကျင်ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၅ ရက် မနက်ပိုင်းကလည်း ပုဏ္ဏား ကျွန်းမြို့နယ်ပန်းနီလာစစ်ဘေးရှောင်စခန်းနဲ့ အဲဒီအနီးရှိ စေတနာအခမဲ့ဆေးပေးခန်းတို့ကို ဗုံးကြဲခဲ့တာကြောင့်ကျောင်းသူ၁ဦးအပါအဝင် ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၄ ရက် ညနေပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ဗျာလစစ်ဘေးရှောင်စခန်းကို ဗုံးကြဲခဲ့တာ ကြောင့် စစ်ဘေးရှောင်အမျိုးသမီး ၁ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေကို ထိုး စစ်ဆင်နေခဲ့တာဟာ တစ်လကျော်ရခဲ့ပြီဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးကာလအတွင်း AA စခန်းတစ်ခုမှမသိမ်းနိုင်ဘဲ စစ်တပ်ရဲ့တပ်စခန်းတွေထပ်မံလက်လွှတ်၊ အထိနာနေပြီးနောက် အရပ်သားလူနေကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေကိုပါစစ်တပ်က ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့်ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၁ ထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေအောက်တိုဘာ ၆ ရက်နေ့ထိ တလကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင် ဒေသခံ ပြည်သူ ၈၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၄၀ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။



















































