ဟန်နွေ/People’s Spring
ချင်းညီနောင်နှင့် မဟာမိတ်များ၏ မင်းတပ်နှင့် ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် လေးမြတ်စွာဂုဏ်ပြုကြောင်း ချင်းပြည်ကောင်စီက ယနေ့ (ဒီဇင်ဘာ ၂၄ရက်)တွင် ထုတ်ပြန်သည်။
ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီအကြား ကွဲလွဲမှုအချို့ကြောင့် တိုက်ပွဲဖြစ်ပွားမှုနှင့် ပြဿနာ အချို့ရှိနေခဲ့သော်လည်း ချင်းညီနောင် ၏ အောင်ပွဲအပေါ် ချင်းပြည်ကောင်စီက ယခုကဲ့သို့ သဘောထားကြေညာခဲ့ခြင်းဖြစ်သည်။
ချင်းပြည်အတွင်း စစ်ကောင်စီတပ်စခန်းများ ကင်းစင်ရေး၊ အပြီးတိုက်ထုတ်ရေး တော်လှန်ရေးတပ်ဖွဲများမှ မြို့သိမ်းတိုက်ပွဲများဖြင့် ထိုးစစ်ဆင် နေချိန်ကာလဖြစ်ကြောင်း၊ ချင်းပြည်ကောင်စီအနေဖြင့် ချင်းပြည်တဝှမ်း တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲနေကြသော သူရဲကောင်းစစ်သည်များ၊ အသက်သွေးပေးဆက်ခဲ့သူများအား ဦးညွတ်အလေးပြု ကြောင်း ဖော်ပြသည်။
ယခုကာလအတွင်း ချင်းပြည်တစ်ဝှမ်း စစ်ကောင်စီ အပြီးတိုင်ကင်းစင်ရေး မြို့သိမ်း တိုက်ပွဲများ ဆင်နွှဲနေကြချိန်ဖြစ်သည်နှင့်အညီ မင်းတပ် မြို့သိမ်းအောင်ပွဲနှင့် ကန်ပက်လက်မြို့သိမ်း အောင်ပွဲဆင်နွှဲခဲ့ကြသော ချင်းညီနောင်နှင့် မဟာမိတ်တပ်ပေါင်းစုများ၊ တိုက်ပွဲဝင် သူရဲကောင်းများ၏ အသက်သွေးချွေး စတေးပေးဆပ် အောင်ပွဲဆင်နိုင်မှုအပေါ် လေးမြတ်စွာ ဂုဏ်ပြုကြောင်း ထုတ်ပြန်သည်။
ချင်းပြည်ကောင်စီ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ချင်းညီနောင်တာဝန်ရှိသူအချို့ထံ ဆက်သွယ်ပြီး သဘောထား တောင်းခံထားဆဲဖြစ်သည်။
ချင်းညီနောင်ကလည်း မြို့သိမ်းတိုက်ပွဲအောင်မြင်ပြီးနောက် ဒီဇင်ဘာ ၂၃ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ချင်းတိုင်းရင်းသားအချင်းချင်းအကြား ဖြစ်ပေါ်နေသည့် ကွဲလွဲမှုများသည် စစ်အာဏာရှင် ဖြုတ်ချရေးထက် အရေးမကြီးကြောင်း၊ ထို့ကြောင့် ချင်းတပ်ဖွဲ့အချင်းချင်း ပူးပေါင်းမှ လွတ်မြောက်မည်ဖြစ်၍ လက်တွေ့ကျစွာ ပူးပေါင်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေပြီး ညှိနှိုင်းရေးအဖွဲ့လည်း ဖွဲ့စည်းထားကြောင်း အသိပေးရှင်းလင်းထားသည်။
ချင်းပြည်လွတ်မြောက်ရန် အားလုံးဝိုင်းဝန်း ကြိုးစားသလို အခြားဒေသများ လွတ်မြောက်ရေး ပြန်လည်ကြိုးစားမည်ဟုလည်း ချင်းညီနောင်အဖွဲ့ဝင် CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချန်းဖေက ပြောသည်။
“ကျနော်တို့ဒေသ လွတ်မြောက်ရုံနဲ့ ကျနော်တို့က ဒီအတိုင်း အေးဆေးနေမှာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။
သက်ဆိုင်ရာ အဖွဲ့များနှင့်ပူးပေါင်းပြီး အားလုံးလွတ်မြောက်ရေး ပါဝင်နိုင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပြီးတော်လှန်အင်အားစုများဖြင့် လက်တွဲသွားမည်ဟု အသိပေးသည်။
ချင်းညီနောင်သည် အာရက္ခတပ်တော်(AA) အပါအဝင် မဟာမိတ်များနှင့်ပူးပေါင်းပြီး မတူပီ၊ ကျင်ဒွေး၊ ကန်ပက်လက်၊ မင်းတပ်မြို့များကို သိမ်းပိုက်ထားသကဲ့သို့ ချင်းပြည်ကောင်စီ တပ်ပေါင်းစုသည်လည်း ဟားခါးနှင့် ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်လျက်ရှိသည်။
ချင်းပြည်နယ်အတွင်းရှိ အခြားစစ်ကောင်စီတပ်စခန်းများနှင့် မြို့အချို့ကိုလည်း ချင်းပြည်ကောင်စီက တိုက်ခိုက်သိမ်းပိုက်ထားသည်။