ဟန်နွေ/People’s Spring
မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ချင်းပြည်နယ် ဖလမ်းမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ကြိုးစားနေဆဲဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ယနေ့ (ဒီဇင်ဘာ ၂၅ရက်) ညပိုင်းတွင် ပြောသည်။
ချင်းညီနောင် စစ်ဆင်ရေးအရ မင်းတပ်မြို့သိမ်းတိုက်ပွဲနှင့်အတူ တပြိုင်တည်း ထိုးစစ်ဆင်နေသည့် ဖလမ်းမြို့တိုက်ပွဲတွင် ချင်းညီနောင်နှင့် မဟာမိတ်များက စစ်ကောင်စီတပ်စွဲရာ နေရာ ၅နေရာထက်မနည်းကို သိမ်းပိုက်ရရှိထားပြီး လက်ရှိတွင် ခလရ(၂၆၈)တပ်ရင်းကုန်း တစ်ခုသာကျန်တော့သည်ဟု ဆိုသည်။
ယနေ့တွင် ဖလမ်းမြို့သိမ်းရပြီဆိုသည့် သတင်းများနှင့် ပတ်သက်၍ ဆလိုင်းတီမီက “မသိမ်းရသေးပါဘူး။ ကြိုးစားဆဲပါ။ သိမ်းရင် CB အနေဖြင့် တရားဝင် ကြေညာပေးပါမယ်”ဟု ပြောသည်။
ချင်းညီနောင် တာဝန်ရှိသူတစ်ဦးကလည်း ဖလမ်းရပြီဆိုသည့် သတင်းမှာ မဟုတ်ဟု ဒီဇင်ဘာ ၂၅ရက် နေ့လည်တွင် ပြောသည်။
“နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲပါ” ဟု ချင်းညီနောင် တာဝန်ရှိသူက ပြောသည်။
ချင်းညီနောင် မဟာမိတ်များသည် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များမနက်မှ ရဲ ၄၅ဦးကို ဖမ်းဆီးရရှိထားသည်ဟု အသိပေးထားသည်။
ဖလမ်းမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ချင်းညီနောင်တာဝန်ရှိသူများက မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ အသိပေးထားသည်။