Connect with us

Hi, what are you looking for?

သတင်း

ဒေသအလိုက်လွတ်မြောက်မှုမှ ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်သည်အထိကြိုးပမ်းမည်ဟု NUG ကာကွယ်ရေး ထုတ်ပြန်

၂၀၂၄အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄,၀၀၀ကျော် သေဆုံးအောင် တော်လှန်ရေးတပ်များက တိုက်ခိုက်နိုင်ခဲ့ပြီး တပ်စခန်း ၇၄၀ကျော် သိမ်းရခဲ့ဟု အသိပေး

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှ ရဲဘော်များသွားရောက်တွေ့ဆုံနေသော ဝန်ကြီးဦးရည်မွန်။ ဓာတ်ပုံ-MOD

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများ၏ စုပေါင်းအားဖြင့် ဒေသအလိုက်လွတ်မြောက်မှုမှသည် ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်သည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း NUGကာကွယ်ရေးက ယနေ့ (ဇန်နဝါရီ ၄ရက်)တွင် ထုတ်ပြန်သည်။

၂ဝ၂၄ စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာကို ယနေ့ ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးအစီအစဉ်နှင့် ရှေ့အလားအလာ ကဏ္ဍ၌ ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့ဝင်များ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည် မဟာမိတ်တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲလျက် “လမ်းအားလုံးနေပြည်တော်သို့” မဟာဗျူဟာစီမံချက်အောက်တွင် အညာအောင်မြေစစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေး၊ စစ်တောင်း အလွန်စစ်ဆင်ရေး၊ ရိုးမဧရာစစ်ဆင်ရေး၊ ကမ်းခြေစစ်ဆင်ရေး အစရှိသော စစ်ဆင်ရေးများကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဟန်ချက်ညီ ဆင်နွှဲလျက်ရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့တော်လှန်ရေးဖြစ်သည့်အားလျော်စွာ လိုအပ်ချက်များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများ ရှိခဲ့ သော်လည်း ပြည်သူလူထုအားဖြင့် ဖြေရှင်းကျော်လွှားနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ရှေ့တော်လှန်ရေး ခရီးတွင် နောက်ထပ် လိုအပ်ချက်များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများ ကြုံတွေ့ရဦးမည် ဖြစ်သော်လည်း တော်လှန်ရေးမအောင်မချင်း ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းမည်ဟူသော သံန္နိဌာန်ဖြင့် မဆုတ်မနစ် ကြိုးပမ်း ဆောင်ရွက်ခြင်းသည် တော်လှန်ရေးအောင်ပွဲ၏ အဆုံးအဖြတ်ဖြစ်သည်ဟု ယုံကြည်ကြောင်း ဖော်ပြသည်။

ပြည်သူ့ခုခံတော်လှန်စစ် (၃)နှစ်ကျော် ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ထူထောင်နိုင်ခြင်း၊ တော်လှန်ရေးစိုးမိုး ထိန်းချုပ်နယ်မြေများ၊ လွတ်မြောက်နယ်မြေများ ပေါ်ပေါက် လာခြင်း၊ စစ်ကောင်စီအုပ်ချုပ်ရေးကို ဖျက်သိမ်း၍ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင် လည်ပတ်နိုင်ခြင်း စသည့် အရေးကြီးသော တော်လှန်ရေးဖြစ်ပေါ်တိုးတက်မှု (၃)ခု ရရှိထားဟု အသိပေးသည်။

နယ်မြေစိုးမိုးထိန်းချုပ်မှုအခြေအနေများကို ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာ၌ ဖော်ပြထားရာ PDFနှင့် တော်လှန်ရေးအဖွဲ့များက စိုးမိုးအုပ်ချုပ်လျက်ရှိသည့် မြို့နယ် စုစုပေါင်း (၁၄၄) ခု ရှိသည်ဟု ဆိုသည်။

ယင်းတို့အနက်မှ မြို့ ၉၅ မြို့ (မြို့နယ်အားဖြင့် ၄၈ မြို့နယ်)ကို အပြီးသတ်သိမ်းပိုက် အုပ်ချုပ်ထားပြီးဖြစ်ကာ နောက်ထပ် မြို့နယ် (၇၉) မြို့နယ်တွင်လည်း တော်လှန်စစ် ဖြစ်ပွားလျက်ရှိကောင်း ၂၀၂၄ ဒီဇင်ဘာလကုန်အထိ အခြေအနေကို ဖော်ပြသည်။

တစ်နိုင်ငံလုံးမြို့နယ်စုစုပေါင်း၏ (၄၄)ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက စိုးမိုး ထိန်းချုပ်၊ အုပ်ချုပ်လျက်ရှိကာ (၂၄) ရာခိုင်နှုန်းတွင် တော်လှန်စစ်ဖြစ်ပွားနေသည်ဟု ဆိုသည်။

စစ်ကောင်စီ စိုးမိုးအုပ်ချုပ်ထားနိုင်သည့် မြို့နယ်မှာ (၁၀၇) မြို့နယ်သာကျန်ရှိပြီး (၃၂) ရာခိုင်နှုန်း သာကျန်ရှိ၍ နိုင်ငံ၏ သုံးပုံ တပုံကိုပင် စိုးမိုးအုပ်ချုပ်နိုင်ခြင်း မရှိတော့ဟု ဖော်ပြသည်။

ယင်းအနက် ပကဖ အပါအဝင် PDFများကိုယ်တိုင် သိမ်းပိုက်ထားသော မြို့များကိုဖော်ပြခဲ့ရာ ခါမ်းပါတ်မြို့၊ ရွှေပြည်အေးမြို့၊ မော်လူးမြို့၊ မြို့သစ်မြို့၊ စဉ့်ကူးမြို့၊ တကောင်းမြို့၊ သပိတ်ကျင်းမြို့၊ ပင်လည်ဘူးမြို့ စုစုပေါင်း မြို့ (၈)မြို့ရှိဟု အသိပေးသည်။

ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နှင့် MDY PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်။ ဓာတ်ပုံ-MOD

ထို့အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း များရှိ အနည်းဆုံး (၆၇) မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များ ဝန်းရံပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

မဟာဗျူဟာလမ်းများ စိုးမိုးထိန်းချုပ်မှုအခြေအနေကိုလည်း ဖော်ပြရာ မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်း၊ ရထားလမ်း၊ မန္တလေး- မတ္တရာ-သပိတ်ကျင်း-ဗန်းမော်လမ်း၊ မန္တလေး-လားရှိုး-မူဆယ်လမ်း၊ ပုသိမ်-မုံရွာလမ်း၊ ရန်ကုန်- မော်လမြိုင်-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်း၊ ပဲခူး-သထုံ-ဘားအံ-မြဝတီလမ်း၊ မုံရွာ-ကလေး-တမူးလမ်း၊ မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပြည်-ပန်းတောင်း-တောင်ကုတ်လမ်း တို့၏ အဓိက အစိတ်အပိုင်းများကို တော်လှန်ရေးအဖွဲ့များက စိုးမိုးထိန်းချုပ် ထားကြောင်း အသိပေးသည်။

ရေကြောင်းလမ်းအနေဖြင့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းမြစ်ကြောင်းများ၏ အဓိက အစိတ်အပိုင်းများကိုလည်း စိုးမိုးထိန်းချုပ် ထားနိုင်သည်ဟု ဆိုသည်။

နယ်စပ်မြို့များ စိုးမိုးထိန်းချုပ်မှုအခြေအနေမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ နှင့် ဆက်သွယ်သော အဓိကနယ်စပ်ကုန်သွယ်ရေးမြို့ အနည်းဆုံး (၁၁)မြို့ကို စစ်ကောင်စီ လက်လွှတ်ခဲ့ရပြီဖြစ်ကြောင်း ဖော်ပြသည်။

PDFအနေဖြင့် မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများကို တောင်တန်းဒေသများသာမက မြေပြန့်ဒေသများတွင်ပါ ဆင်နွှဲလာနိုင်ပြီ ဖြစ်ကြောင်း၊ အင်အားထောင်ချီပါဝင်သည့် ရှမ်း-မန်းစစ်ဆင်ရေးဆင်နွှဲကာ မန္တလေးဒေသကိုထိုးဖောက်ခြင်း နှင့် ရန်သူအင်အားထောင်ချီ ခုခံတိုက်ခိုက်လျက်ရှိသည့် ပင်လည်ဘူးမြို့ကို အောင်မြင်စွာ သိမ်းပိုက် နိုင်ခြင်း တို့သည် ထင်ရှားသည်ဟု ထုတ်ပြန်သည်။

လက်ရှိကာလတွင် အဓိက ရှေ့တန်းစစ်မျက်နှာသည် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သည့် မန္တလေးမြို့အနားသို့ ရောက်ရှိလာပြီဖြစ်သလို ရန်သူ အရေးကြီး ခံစစ် နယ်မြေ များဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ တောင်ငူနှင့် မိတ္ထီလာ စစ်နယ်မြေများကို ပုံမှန် တိုက်ခိုက်နိုင်လာကြောင်း ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံအလယ်ပိုင်း ရန်သူ့ထိန်းချုပ်မှု ကြီးမားသည့်ဒေသတွင်လည်း မြင်းခြံခရိုင် စစ်ဆင်ရေး ဆင်နွှဲကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ရေးစွမ်းရည်ကို လက်တွေ့ပြသ ခဲ့ကြောင်း၊ မကွေးတိုင်း (တောင်ခြမ်း)၊ ပဲခူးတိုင်း (အနောက်ခြမ်း)၊ ဧရာဝတီတိုင်း တို့တွင်လည်း ပြောက်ကျားစစ်၊ လှုပ်ရှားစစ် အပြန့်ကျယ် တိုးပွားလျက်ရှိကြောင်း အသိပေးသည်။

ကာကွယ်ရေးဝန်ကြီးဦးရည်မွန်အား ဒေါက်တာတေဇာဆန်း၊ MDY PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်၊ အခြားစစ်ဦးစီးအဖွဲ့ဝင်များနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ- Tay Zar San

ရန်သူ့စစ်ကြောင်းလိုက် ချေမှုန်းနိုင်မှု၊ စစ်ကြောင်းအထိနာအောင် တိုက်ခိုက် နိုင်မှုများ လုပ်ဆောင်လာနိုင်သကဲ့သို့ အထူးစစ်ဆင်ရေးများဖြင့် စစ်ကောင်စီ၏ စစ်ရုံးချုပ်၊ စစ်တိုင်းဌာနချုပ် များ၊ လေတပ်စခန်းများ၊ ကပစ စက်ရုံများကိုလည်း ပုံမှန်တိုက်ခိုက်လျက်ရှိဟုထုတ်ပြန်သည်။

ထို့အပြင် ပြည်နယ်များတွင် PDFများ ပူးပေါင်းတိုက်ပွဲဝင်မှုကိုလည်း အသိပေးထားရာ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ (EROs) ၏ နယ်မြေများလွတ်မြောက်ရေးအတွက်လည်း ပြည်နယ် (၇)ခုလုံးတွင် ပူးပေါင်းတိုက်ပွဲဝင်လျက် ရှိဟု ထုတ်ပြန်သည်။

ရန်သူ့အင်အား(စစ်ကောင်စီတပ်အင်အား) ပြုန်းတီးမှု၊ ရန်သူ့စခန်း ဆုံးရှုံးမှုအခြေအနေကို ထုတ်ပြန်ခဲ့ရာ PDF၊ ပကဖ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ် အသီးသီး၏ တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ် အရာရှိ ၃၁၅ ဦး သေဆုံးကာ အရာရှိ ၁၂၇ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ အနည်းဆုံး (၅၃) ဦးသည်လည်း သေဆုံး၊ ဒဏ်ရာရနှင့် သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြသည်။

အဆိုပါကာလအတွင်း စစ်၊ ရဲ နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်သေဆုံးမှု ၁၄၀၀၀ ဦးကျော် (၁၄၀၉၃ ဦး)ရှိပြီး ၇၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။ ရန်သူ့ တပ်မအင်အား (၁၀)ခုကျော်ပမာဏနှင့် ညီမျှသည့် အင်အားပြုန်းတီးခဲ့မှု ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် တနိုင်ငံလုံးတွင် ရန်သူ စခန်းပေါင်း (၇၄၁) ခုကို သိမ်းယူထား နိုင်ခဲ့ပြီး ယင်းအနက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း နှင့် တနင်္သာရီတိုင်းတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် ဒေသကာကွယ်ရေးတပ်များက သိမ်းပိုက်ခဲ့သော စခန်းပေါင်း (၁၆၂)ခု ပါဝင်သည်ဟု အသိပေးသည်။

စစ်ကောင်စီ လက်လွှတ်ခဲ့ရသည့် စခန်းများအနက် တိုင်းစစ်ဌာနချုပ် (၂) ခု၊ ဒကစဌာနချုပ် (၁) ခု၊ စကခဌာနချုပ် (၅) ခု၊ စစ်ဗျူဟာ အခြေချစခန်း (၆) ခု၊ လေတပ်ဆွယ် (၂) ခု၊ တိုက်ခိုက်ရေးနောက်တန်းစခန်း (၈၆) ခု၊ လက်ရုံး နောက်တန်းစခန်း(၅၄) ခု၊ နယ်ခြားစောင့်စခန်း (၁၇)၊ စုစုပေါင်း အခြေစိုက်ဌာနချုပ်စခန်း (၁၇၃)ခု လက်လွှတ်ဆုံးရှုံးခဲ့ရဟု ဖော်ပြသည်။

၂၀၂၄အတွင်း ရန်သူ၏ အဓိကတိုက်ခိုက်ရေးအင်အားဖြစ်သော တပ်မ (၁၀) ခု၊ စကခ (၁၇) ခု၊ တပ်မဟာ (၃) ခုတို့မှ စုစုပေါင်း တပ်ရင်း ၂၈၂ ရင်းတွင် အနည်းဆုံး တပ်ရင်း (၁၀၁) ရင်း ခန့် ဖွဲ့စည်းပုံ ပျက်နေပြီ ဖြစ်ကာ (၁၄၂) ရင်းသည် အင်အားချိနဲ့လျက်ရှိကြောင်း ထုတ်ပြန်သည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှ ရဲဘော်များသွားရောက်တွေ့ဆုံနေသော ဝန်ကြီးဦးရည်မွန်။ ဓာတ်ပုံ-MOD

စစ်ကောင်စီ၏ အဓမ္မစစ်သား စုဆောင်းရေး အစီအစဉ်သည်လည်း အောင်မြင်မှုမရှိဘဲ အဆိုပါတပ်သားသစ်များသည် စစ်ကောင်စီအတွက် တိုက်ခိုက်ရေးအင်အား ဖြစ်မလာဘဲ လက်နက်နှင့်တကွ အလင်းဝင်မှုများ၊ တပ်ပြေးများ၊ သုံ့ပန်း အဖြစ် အဖမ်းခံရမှုများ များပြားလျက်ရှိကြောင်း ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်တပ်တွင် တာဝန်မထမ်းဆောင်လိုဘဲ ပြည်သူ့ဘက်သို့ ပူးပေါင်းရပ်တည်လိုသော တပ်မတော်သားနှင့်ရဲတပ်ဖွဲ့ဝင်များအတွက် မဟာမိတ် တိုင်းရင်းသားအဖွဲ့အစည်းများ(EROs)နှင့်ပူးပေါင်းလျက် ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ဒီဇင်ဘာလကုန်အထိ တပ်သား ၃၈၇၂ ဦး၊ ရဲ ၁၀၈၈၈ ဦး စုစုပေါင်း ၁၄၇၆၀ ဦး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့သည်ဟု အသိပေးသည်။

၂၀၂၄တနှစ်အတွင်း စစ်တပ်မှ ၄၂၅ဦး၊ ရဲ ၁၄၂ ဦး စုစုပေါင်း ၅၆၇ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူများတွင် အရာရှိအဆင့် ဒုဗိုလ်မှူးကြီး (၅) ဦး၊ ဗိုလ်မှူး (၄၂) ဦး၊ ဗိုလ်ကြီး (၃၂၃) ဦးနှင့် ဗိုလ် (၁၀၂) ဦးရှိခဲ့သည်ဟု ဆိုသည်။ အမျိုးသား ၃၆၀၆ ဦး၊ အမျိုးသမီး ၂၆၆ ဦး ဖြစ်ကြောင်းလည်း အသိပေးသည်။

လက်နက်ဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ ၂၁၀ ဦးထံမှ လက်နက်မျိုးစုံ ၂၂၈လက်နှင့် ခဲယမ်းကျည်များစွာ ရရှိခဲ့သည်ဟုလည်း ဖော်ပြသည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသူများအနက်မှ စစ်ရုံးချုပ်၊ စစ်နည်းဗျူဟာလေ့လာရေးရုံးတွင် (၉)ဦး အပါအဝင် စုစုပေါင်း (၄၈၅) ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များအဖြစ် ခံယူလျက် တိုက်ခိုက်ရေးနှင့် လေ့ကျင့်ရေး တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်းများ၊ ပကဖ တပ်ဖွဲ့များတွင် တပ်သား အဆင့်မှသည် တပ်ရင်းမှူး အဆင့်ထိ တော်လှန်ရေး တာဝန်များကို ထမ်းဆောင်လျက် ရှိဟု အသိပေးသည်။

ထို့ပြင် လက်နက်တပ်ဆင်ရေးအခြေအနေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးခဲ့ရလက်နက်ခဲယမ်းမီးကျောက် ဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးတို့တွင် အကန့်အသတ်များစွာ ရှိနေသော်လည်း နည်းလမ်းမျိုးစုံ အသုံးပြုကာ ဖြည့်ဆည်းဆောင်ရွက်လျက် ရှိသည်ဟု ဖော်ပြသည်။

ဝယ်ယူမှုသာမက ကိုယ်တိုင်ထုတ်လုပ်သုံးစွဲရေးသည် တော်လှန်ရေးကာလတွင် အထူး အရေး ပါကြောင်း၊ ယခုအခါ ဒရုန်းနှင့်လက်နက်ကြီးများ အပါအဝင် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရေးတွင် နည်းပညာအရရော၊ ထုတ်လုပ်သုံးစွဲနိုင်စွမ်းပါ တော်လှန်ရေး၏ အရေးကြီးသော ဖြစ်ပေါ်တိုးတက်မှု ဖြစ်ကြောင်း အသိပေးသည်။

ထို့အပြင် ဘဏ္ဍာငွေ ရှာဖွေရေးပိုင်းတွင် တော်လှန်လူထု၏ ထောက်ပံ့လှူဒါန်းပါဝင်မှု၊ အမျိုးသား ညီညွတ်ရေးအစိုးရ အုပ်ချုပ်ရေးနယ်မြေမှ အခွန်အခ ရရှိမှုတို့ဖြင့် လည်ပတ်လျက်ရှိကာ ရန်ပုံငွေ ရှာဖွေမှု စနစ်တကျရှိရေးနှင့် ရန်ပုံငွေရရှိမှု တိုးပွားလာစေရေးအတွက် အဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်ဟု ထုတ်ပြန်သည်။

ပြည်သူ့တော်လှန်ရေး၏ မျှော်မှန်းချက်သည် “စစ်အာဏာရှင်စနစ်ဖျက်သိမ်းလျက် စစ်မှန် သော ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ရန်” ဖြစ်ကြောင်း၊ လက်ရှိ တော်လှန်ရေးကာလတွင် “စစ်အာဏာသိမ်းမှုကို ဖယ်ရှား၍ စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်မှုကိုအဆုံးသတ်ရန်” ဦးတည်လျက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်ရေးကဏ္ဍ မဟာဗျူဟာကို ရေးဆွဲ ဖော်ဆောင်လျက်ရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ထိန်းချုပ်ရာဒေသများသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် သွားရောက်တွေ့ဆုံခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။

Facebook