Connect with us

Hi, what are you looking for?

သတင်း

မဟာမိတ်များနှင့်စုစည်းနိုင်ရေး၊ အစိုးရအဖွဲ့နှင့် အုပ်ချုပ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေး အမြန်လုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးအပါအဝင် အချက် ၃ချက် ကို အမြန်ဆုံးလုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက PDF သင်တန်းတစ်ခုသို့ သွားရောက်တွေ့ဆုံနေသည့် ပြည်ထောင်စုဝန်ကြီးချုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - NUG

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးအပါအဝင် အချက် ၃ချက် ကို အမြန်ဆုံးလုပ်ဆောင်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်သည်။

ဇန်နဝါရီ ၇ရက်ကကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အထူးသတိချပ်ရမည်မှာ ၂၀၂၅သည် တော်လှန်ရေးအင်အားစုများအတွက် ခပ်သွက် သွက်ခရီးနှင်ရမည့် နှစ်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်အစောပိုင်းလများ၌ မဖြစ်မနေ ကြိုးစားလုပ်ဆောင်ရမည့် အရာများရှိကြောင်း ဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ဒါတွေကို သမ္မတကြီးနဲ့ ကျွန်တော် နှစ်သစ်ကူးမိန့်ခွန်းတွေမှာလည်း ထည့်သွင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ နံပါတ် (၁)အချက် ကတော့ အမျိုးသားညီညွတ်ရေးအစိုးရကို ကျစ်ကျစ် လစ်လစ်နဲ့ ထိထိရောက်ရောက် အလုပ်လုပ်စေနိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲရေး ကိစ္စ။နံပါတ် (၂)ကတော့ အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေပါ။ နောက်ဆုံးတစ်ချက်ကတော့ မဟာမိတ်ဆက်ဆံရေးကဏ္ဍပါ။ မဟာမိတ်ဆက်ဆံရေးလို့ ပြောရင် တော်လှန်ရေးအင်အားစုအားလုံး ဆိုလိုတာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

တော်လှန်ရေးအင်အားစု အသီးသီး၊ အစုအဖွဲ့အသီးသီးများဖြင့် အမြဲတမ်း သဘောထား စုစည်းညီညွတ်နေမည် မဟုတ်သော်လည်း တူသည်များကို စုစည်းပြီး တော်လှန်ရေးကိုအရှိန်အဟုန်နှင့် သွားနိုင်ရန် ကြိုးစား၍ရကြောင်း ၎င်းက ဆိုသည်။

“ဒီအချိန်မှ မစုစည်းနိုင်ရင် နောင်စုစည်းနိုင်ဖို့ မလွယ်ကူပါဘူး။ ဒီလို အကြမ်းဖက်စစ်အုပ်စု ဖိအားအများဆုံး ဖြစ်နေတဲ့အချိန်မျိုးမှာ ကျွန်တော်တို့က ပိုမိုစုစည်းပြီး ရုန်းနိုင်ကြရမှာပါ။ ဒီနှစ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရအတွက် နိုင်ငံရေး၊ နိုင်ငံခြားရေး၊ စစ်ရေးအရ လုပ်ဆောင်ရမှာတွေလည်း အများအပြားရှိသလို အာရုံစိုက်စရာတွေကလည်း များပါတယ်။ တော်လှန်ရေးအရှိန်မြှင့်မှုတွေနဲ့အတူ နိုင်ငံရေးအရ ဆွေးနွေးစရာတွေ၊ နိုင်ငံတကာရဲ့ အခြေအနေတွေ စသဖြင့် ကဏ္ဍပေါင်းစုံကနေ လစ်ဟင်းမှုမရှိစေပဲအလုပ်လုပ်ကြရမယ့် ကာလပဲ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ထို့အပြင် လုပ်ဆောင်စရာများစွာ ရှိသည့်အနက် အထက်ပါ အချက်သုံးချက်ဖြစ်သောအစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေး၊ အုပ်ချုပ်ရေးကဏ္ဍ ပြောင်းလဲရေး၊ မဟာမိတ်ဆက်ဆံရေး တို့သည် ယခုလများအတွင်း အမြန်လုပ်ဆောင်ရမည့် ကဏ္ဍများဖြစ်သည်ဟု ဝန်ကြီးချုပ်က တိုက်တွန်းလိုက်သည်။

ထို့အပြင် ယာယီသမ္မတ ဒူဝါလရှီးလကလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့်သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှစ်သစ်ကူးမိန့်ခွန်း၌ ပြောကြားခဲ့သည်။

အစိုးရအဖွဲ့ တည်ဆဲအခြေအနေထက် ပိုမိုကျယ်ပြန့်စွာဦးဆောင်နိုင်မည့်သူများလိုအပ်နေ၍ အစားထိုးတာဝန်ယူနိုင်သူများကို လွှဲပြောင်းပေးရန်အသင့်ရှိကြောင်း ဖိတ်ခေါ်လိုက်သည်။

“ဒါကြောင့် အစိုးရအဖွဲ့ထဲမှာ ယခုတည်ဆဲအခြေအနေထက် ပိုမိုကျယ်ပြန့်စွာ ဦးဆောင်မယ့်သူတွေကို လိုအပ်နေပါတယ်။ အကယ်၍ တည်ဆဲရာထူးနေရာတွေမှာ အစားထိုးတာဝန်ယူနိုင်သူတွေရှိရင်လည်း ကျနော်တို့က ပခုံးထမ်းလွှဲပြောင်းပေးအပ်ဖို့ အမြဲအသင့်ရှိကြောင်း လူထုကို အသိပေးစေချင်ပါတယ်။အဲဒီအတွက်ကျနော်တို့ဟာ အမြဲလမ်းဖွင့်ထားကြောင်းလည်း ပြောချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

လူထုအတွက်တော်လှန်ရေးတာဝန်များစွမ်းစွမ်း တမံ ထမ်းဆောင်နိုင်မည့် ခေါင်းဆောင်များကို လှိုက်လှဲစွာကြိုဆိုနေသည်ဟုလည်း ထပ်လောင်း ပြောကြားသည်။

“ကျနော်တို့နဲ့အတူ လူထုတာဝန်တွေကိုထမ်းဆောင်ဖို့ လေးစားစွာ ဖိတ်ခေါ်ချင်ပါတယ်။ဒါကြောင့် ၂၀၂၅ ခုနှစ်တွင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အပြီး သတ်ဖြတ်ဖယ်ရှားနိုင်ဖို့ ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေးအင်အားစုများအနေဖြင့်နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်ပိုပြီးလက်တွေ့ပြသဖို့ အချိန်တန်ပြီလို့မြင်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားထားသည်။

နွေဦးတော်လှန်ရေးတစ်ခုလုံး၌ညီညွတ်သောစုစည်းမှု အင်အားသည်များစွာ အရေးကြီးသည်ဟုလည်း ယာယီသမ္မတက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အရေးကြီးတဲ့ ထောက်လှမ်းရေး အကြီးအကဲ ရာထူးနေရာတစ်ခုမှာ အတွေ့အကြုံ မရှိတဲ့ မဟာမိတ် တစ်ဦးကို ရွေးချယ် ခန့်အပ်လိုက်ပါတယ်။

သတင်း

အမှတ်(၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ဦးတည်တဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေပြင်းထန်နေတဲ့ ပန်းတောင်းမြို့နယ်မှာ စစ်တပ်ဂိတ်တွေကို အစစ်အဆေးမရှိဖြတ်ကျော်လာတဲ့ စိတ်ကြွဆေးပြား သိန်း ၃၀‌ကျော်ကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲ အမြောက်တပ် အမတ ၃၄၄ကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေကမေလ ၁၅ရက်နေ့မှာ ယာယီထိန်းချုပ်နိုင်ခဲ့ပြီး လေကြောင်းရန်ကြောင်း ပြန်ဆုတ်ထားသလို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။